Home
မြန်မာသတင်း
ပန်းတနော်တွင် အုပ်ချုပ်ရေးမှူး သေနတ်ပစ်ခံရမှုဖြင့် ဖမ်းခံရသူ ၇ ဦး စစ်မှုထမ်းရန် ပို့ခံရ
DVB
·
August 17, 2025

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ မြေနုကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်နဲ့အပစ်ခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဖမ်းခံခဲ့ရတဲ့ လူငယ် ၇ ယောက် စစ်မှုထမ်းဖို့ အပို့ခံခဲ့ရတယ်လို့ အဖမ်းခံခဲ့ရသူတွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

မနုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး သန့်ဇင် သေနတ်နဲ့အပစ်ခံရပြီး ဆေးရုံတင်ခဲ့ရတာနဲ့ ပတ်သက်လို့ ဖမ်းခံခဲ့ရတဲ့ လူငယ် ၇ ယောက်ကို ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက ဖွင့်ခဲ့တဲ့ စစ်မှုထမ်း အပတ်စဉ် ၁၅ အတွက် သင်တန်းကျောင်းကို ပို့ခဲ့တာလို့ ဆိုပါတယ်။

အဖမ်းခံရတဲ့သူတွေနဲ့ နီးစပ်သူ တယောက်က “သြဂုတ် ၁၅ ရက်နေ့ကမှ အုပ်ချုပ်ရေးမှူးက အကြောင်းကြားလို့ မိသားစုတွေက သိရတာ။ တကယ် ပြစ်မှုကျူးလွန်တယ် ဆိုရင်တောင် အခုလို မလုပ်သင့်ပါဘူး။ မိသားစုနဲ့ အဆက်အသွယ်အဖြတ်ခံရပြီး အခုလို စစ်မှုထမ်းဖို့ စစ်သင်တန်းကျောင်းကို အခေါ်ခံရတာ။ ထောင်ဒဏ်တွေ ချမယ်ထင်ခဲ့တာ” လို့ ပြောပါတယ်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး သန့်ဇင်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇွန်လအတွင်း အင်းချောင်းက အပြန်ပိုက်တန်းကွေ့နားမှာ သေနတ်နဲ့ပစ်ခံရတာဖြစ်ပြီး နားထင်ကို ကျည်ထိမှန်ခဲ့လို့ ဆေးရုံမှာ ကုသခဲ့ရပါတယ်။

ပစ်ခတ်ခံရပြီးနောက် တပတ်တွင်း လူငယ် ၉ ယောက် အဖမ်းခံရပြီး ၂ ယောက်ကတော့ ပြန်လွတ်လာပေမဲ့ ၇ ယောက်ကို ဆက်ဖမ်းထားခဲ့တာပါ။

ပန်းတနော်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “စစ်သင်တန်းကျောင်း အပို့ခံရတယ်လို့ ကြားမိပါတယ်။ အားလုံးက တရားဥပဒေနဲ့အညီ ဆောင်ရွက်နေတယ်လို့ပဲ ထင်တာ။ အဖမ်းခံရတဲ့သူတွေနဲ့ မိသားစုတချို့ပဲ အဆက်အသွယ်ရတာ။ အဖမ်းခံရတဲ့ သူတွေကိုလည်း တနေရာတည်း ထားတာမဟုတ်ဘူးလေ” လို့ပြောပါတယ်။

ဘယ်စစ်မှုထမ်းသင်တန်းကျောင်းပို့တယ်ဆိုတာကို မိသားစုတွေက သက်ဆိုင်ရာ အဖွဲ့အစည်းတွေဆီ ချိတ်ဆက်စုံစမ်းနေပေမယ့် သြဂုတ် ၁၇ ရက်အထိ စုံစမ်းမရ ဖြစ်နေတယ်လို့လည်း သိရပါတယ်။

မြေနုကျွန်းကျေးရွာ အုပ်စုချုပ်ရေးမှူးသန့်ဇင်ဟာ စစ်မှုထမ်းကိစ္စတွေမှာ ငွေညှစ်တာ၊ ဖိအားပေး စစ်မှုထမ်းခိုင်းတာ၊ ဧည့်စာရင်းကိစ္စနဲ့ငွေညှစ်တာ၊ ဆိုင်ကယ်ကိစ္စနဲ့ ငွေညှစ်တာ၊ NLD ပါတီဝင်တွေကို ဖမ်းခိုင်းတာ စတာတွေလုပ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013