
ဒီနေ့ညနေ ယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၀၂၅ အာဆီယံအမျိုးသမီး ချန်ပီယံရှစ် ဆီမီးဖိုင်နယ်ပွဲမှာ မြန်မာအသင်းက ထိုင်းအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိပြီး ဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။
ပထမပိုင်း ၆ မိနစ်လောက်မှာ ထိုင်းအသင်းက ဦးဆောင်ဂိုး စတင်သွင်းယူခဲ့ပြီး မြန်မာအသင်းအတွက် ချေပဂိုးကိုတော့ ပွဲချိန် ၁၃ မိနစ်မှာ တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းက သွင်းယူခဲ့ပါတယ်။
ဒုတိယပိုင်း ပွဲကစားချိန် ၇၂ မိနစ်မှာတော့ ထိုင်းနောက်ခံလူ လက်ထိဘောဖြစ်တာကြောင့် မြန်မာအသင်းက ပင်နယ်တီ ရရှိခဲ့ပြီး ဝင်းသိင်္ဂီထွန်းကပဲ သွင်းယူခဲ့ပါတယ်။
ဒီနောက် ပွဲကစားချိန် ပြီးတဲ့အထိ ထိုင်းဘက်က ချေပဂိုး မသွင်းနိုင်ခဲ့တာကြောင့် မြန်မာအသင်းက ၂-၁ ဂိုးနဲ့ အနိုင်ရရှိပြီး အာဆီယံအမျိုးသမီး ချန်ပီယံရှစ် ဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။
အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆုကို မြန်မာအသင်းအတွက် ၂ ဂိုးသွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းက ရရှိခဲ့ပါတယ်။
ဝင်းသိင်္ဂီထွန်းဟာ အာဆီယံ အမျိုးသမီးချန်ပီယံရှစ် ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆုကို ၃ ကြိမ်ဆက်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်အပြီးမှာ ၇ ဂိုးသွင်းယူထားကာ ပြိုင်ပွဲရဲ့ ဂိုးအများဆုံး သွင်းယူသူ စာရင်းမှာ ထိပ်ဆုံးက ရပ်တည်နေပါတယ်။
အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ဗိုလ်လုပွဲနဲ့ တတိယ လုပွဲကို လာမယ့် သြဂုတ် ၁၉ ရက် ယှဉ်ပြိုင်ကစားသွားမယ်လို့ သိရပါတယ်။