Home
မြန်မာသတင်း
ထိုင်းတွင် အခွင့်အရေး ချိုးဖောက်ခံရသည့် မြန်မာအလုပ်သမား ၂၄၀ ပြေလည်မှုရ
DVB
·
August 15, 2025

ထိုင်းနိုင်ငံ၊ လယောင်မြို့မှာရှိတဲ့ ထမင်းပေါင်းအိုးစက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား အယောက် ၂၄၀ ဟာ အဲဒီစက်ရုံမှာ လုပ်အားခ ပုံမှန်ရှင်းမပေးတာတွေ၊ နားရက်မှာ လုပ်အားခ ၂ ဆမရတာ စတဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာတွေ ကြုံခဲ့ရပြီး WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့က ကူညီ ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီအလုပ်သမားတွေဟာ စက်ရုံမှာ အလုပ်ရဖို့ ကြားစပ် ပွဲစားကုမ္ပဏီတခုကို အလုပ်သွင်းပေးခ စမတ်ကြေး တယောက်ကို ဘတ် ၁၀,၅၀၀ စီ ပေးခဲ့ရပြီး အလုပ်ခန့်ပြီး ၂ လကြာပြီးနောက် ဩဂုတ် ၁၃ ရက်မှာ အလုပ်ရှင်သူဌေးက အလုပ်သမားတွေကို အလုပ်ဖြုတ်လိုက်တယ်လို့ ဆိုပါတယ်။

အလုပ်သမားတွေက WAG အဖွဲ့ကို အကူအညီ တောင်းလာတာကြောင့် WAG က စက်ရုံ ကြားစပ် ကုမ္ပဏီနဲ့ သွားရောက်ညှိနှိုင်းခဲ့ပြီး ဒီကနေ့ ဩဂုတ် ၁၅ ရက်မှာ ပြေလည်မှု ရရှိခဲ့တယ်လို့ ဆိုပါတယ်။

အလုပ်သမားတွေ အလုပ်ပြန်ရရှိသလို သူတို့တောင်းဆိုတဲ့ နားရက် အလုပ်ဆင်းခ ၂ ဆ၊ အစိုးရ ရုံးပိတ်ရက် အလုပ်ဆင်းရင် လုပ်အားခ ၂ ဆ၊ ကားခ တရက် ဘတ် ၂၀ (တလကို ဘတ် ၆၀၀) နဲ့ အလုပ်သမား လူမှုဖူလုံရေးကြေး ပကန်စခွန် သွင်းပေးတာ စတဲ့ အလုပ်သမားအခွင့်အရေးတွေ ပြန်ရရှိခဲ့တယ်လို့ သိရပါတယ်။

WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ခံ ကိုမုန်တိုင်းက “ကျနော်တို့ လက်ရှိ ဖြေရှင်းရတဲ့ ပြဿနာတွေက လုပ်ခလစာ အပြည့်ရှင်းမပေးတဲ့ ပြဿနာတွေ များတယ်။ နောက်ပြီးရင် ထိုင်းသူဌေးတွေက စာရွက်စာတမ်း သိမ်းဆည်းတာတွေ များတယ်။ နောက်ပြီးရင် နယ်မြေခံတွေမှာ မြန်မာပွဲစားတွေနဲ့ ဘတ်ရိုက်တာတွေ လုပ်တဲ့အခါ စာရွက်စာတမ်း သိမ်းဆည်းတာတွေ ကြုံရတယ်။ လုပ်ခလစာ မရတာတွေ အများဆုံးကြုံရတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့လက ထိုင်း-ကမ္ဘောဒီးယား စစ်ရေးပဋိပက္ခတွေကြောင့် ကမ္ဘောဒီးယား အလုပ်သမားတွေ ထိုင်းကနေ အလုံးအရင်းနဲ့ ထွက်ခွာသွားပြီးနောက် ထိုင်းမှာ လုပ်သားလိုအပ်ချက် ကြုံနေရပြီး လုပ်သားအသစ် ၄၂,၀၀၀ ကျော် ထပ်မံခေါ်ယူသွားမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ပြောဆိုထားပါတယ်။

ဇွဲသစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024