
ဒေါ်လာ ၅ ဒသမ ၃ သန်းနဲ့ လေလံအောင်ခဲ့တဲ့ အင်္ဂါဂြိုဟ် ဥက္ကာခဲ ပိုင်ဆိုင်မှုကိစ္စ အငြင်းပွားနေကြပြီး မူလတွေ့ရှိတဲ့ အာဖရိက နိုင်ဂျာနိုင်ငံအစိုးရကပါ တရားဝင် စုံစမ်းစစ်ဆေးမှုတရပ် စတင်လိုက်ပါတယ်။
ဥက္ကာခဲကို ပြည်ပတင်ပို့ခဲ့မှုဟာ တရားဝင်သလားဆိုတာ မေးခွန်းထုတ်ခဲ့ပြီး နိုင်ငံရဲ့ အမွေအနှစ်ကို တရားမဝင် ရောင်းဝယ်မှု လုပ်မှာကို စိုးရိမ်ကြောင်း ထုတ်ပြန်ထားပါတယ်။
ကမ္ဘာပေါ်မှာ တွေ့ဖူးသမျှ အကြီးဆုံး အင်္ဂါဂြိုဟ် အပိုင်းအစဖြစ်တဲ့ အလေးချိန် ၅၄ ပေါင်ရှိ ဒီဥက္ကာခဲကို နယူးယောက်မြို့က Sotheby's လေလံပွဲမှာ ဇူလိုင်လအတွင်းက ရောင်းချနိုင်ခဲ့ပေမဲ့ ဝယ်သူနဲ့ ရောင်းသူ နှစ်ယောက်လုံးရဲ့ နာမည်ကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။
ဒီဥက္ကာခဲကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတုန်းက နိုင်ဂျာနိုင်ငံရဲ့ ဆာဟာရ သဲကန္တာရဒေသမှာ ဥက္ကာခဲ ရှာဖွေသူတယောက်က တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံတကာ ကုန်သည်တွေလက်ထဲ ဆင့်ကဲရောက်ရှိပြီးမှ လေလံပွဲမှာ ပေါ်ထွက်လာခဲ့တာလို့ ဆိုပါတယ်။
Sotheby's ဘက်ကတော့ တင်ပို့မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းအားလုံးကို လိုက်နာခဲ့တယ်လို့ ခုခံထားပါတယ်။
နိုင်ဂျာနိုင်ငံမှာ ဥက္ကာခဲတွေအတွက် သီးသန့်ဥပဒေ မရှိပေမဲ့ ယေဘုယျ အမွေအနှစ်ဆိုင်ရာ ဥပဒေတွေနဲ့ သက်ဆိုင်တယ်လို့ နိုင်ဂျာဘက်ကတော့ တုံ့ပြန်ထားပါတယ်။
ဒီဖြစ်ရပ်ဟာ ရှားပါးတဲ့ သဘာဝပစ္စည်းတွေကို စီးပွားဖြစ် ရောင်းဝယ်ဖောက်ကားခွင့်နဲ့ နိုင်ငံတနိုင်ငံရဲ့ ကိုယ်ပိုင်အမွေအနှစ်အပေါ် ပိုင်ဆိုင်ခွင့်ဆိုင်ရာ ကမ္ဘာနဲ့ချီတဲ့ အငြင်းပွားမှုကို ပိုမိုပြင်းထန်လာစေခဲ့ပါတယ်။