
ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်အတွင်းက မိုးစပါးစိုက်ဧက ၁၀,၀၀၀ ကျော်မှာ စပါးဖျက် ရွှေခရုတွေ ဝင်ရောက်ဖျက်ဆီးလို့ ပျက်စီးခဲ့တယ်လို့ ဒေသခံ လယ်သမားတွေဆီက သိရပါတယ်။
မော်လမြိုင်ကျွန်းမြို့နယ်မှာ ဇူလိုင်လ ဒုတိယအပတ်က စတင်ပြီး တောင်သူတွေစိုက်ထားတဲ့ စပါးဧက သောင်းချီမှာ စပါးအပင်ဖျက် ရွှေခရုတွေ စတင်ဝင်ရောက်ဖျက်ဆီးနေပြီး ပိုးသတ်ဆေးတွေကလည်း ဈေးအဆမတန် ကြီးမြင့်နေတာကြောင့် လယ်သမားတွေအနေနဲ့ ဝယ်သုံးဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
ဒေသခံတောင်သူတယောက်က “ရွှေခရုက ကျနှုန်းက တော်တော်အခြေအနေဆိုးလာတယ်။ ပျက်စီးတာလည်း မနည်းဘူးဖြစ်နေပြီ။ တော်ရုံတန်ရုံဆေးနဲ့လည်း ရွှေခရုက မရတော့ဘူး။ အကောင်းစားဆေးတွေကို ဝယ်သုံးဖို့ မတတ်နိုင်ဘူး၊ ဖြေရှင်းဖို့ ခက်လာတယ်” လို့ ပြောပါတယ်။
စပါးဖျက်ရွှေခရုတွေက မော်လမြိုင်ကျွန်းမြို့နယ်အတွင်းက ရေလိမ်ကျေးရွာ၊ အောင်လှိုင်ကျေးရွာ၊ ဝဲဒေါင့် ပုလွန်စာ၊ မြောင်းစာ၊ ကျူးချောင်း၊ လောကထ အပါအဝင် ကျေးရွာပေါင်း ၂၀ လောက်မှာရှိတဲ့ လယ်ကွင်းတွေမှာ ကျရောက်နေတာဖြစ်ပြီး နှိမ်နင်းလို့မနိုင်တဲ့ အနေအထား ဖြစ်နေတယ်လို့ ဆိုပါတယ်။
မော်လမြိုင်ကျွန်းမြို့နယ်၊ ရေလိမ်ကျေးရွာက လယ်သမားတယောက်က “ခရုသတ်ဆေးကို ၅ ကြိမ်ဖျန်း သတ်တယ် မသေဘူး။ ပိုပိုဆိုးလာတယ်။ သုံးနေကျဆေးတွေပဲ သုံးတာ၊ ဆေးမတိုးတော့တဲ့ အခြေအနေပေါ့။ စပါး ၅ ဧက စိုက်လိုက် ပျက်လိုက် ဖြစ်နေတာ ၃ ကြိမ်အထိရှိပြီ။ အခုတော့ မတတ်နိုင်လို့ ငုတ်တုတ်ထိုင်ကြည့်နေရတယ်” လို့ ပြောပါတယ်။
မော်လမြိုင်ကျွန်းမြို့နယ်က ဒေသခံတွေဟာ စပါးစိုက်ပျိုးတဲ့လုပ်ငန်းကို အဓိက လုပ်ကိုင်ကြတာ ဖြစ်ပြီး နှစ်စဉ် မိုးစပါးဧက ၂၅၂,၀၀၀ ကျော်နဲ့ နွေစပါး ၁၄၇,၀၀၀ ဧကကျော် စိုက်ပျိုးထုတ်လုပ်တဲ့ မြို့နယ်ဖြစ်တယ်လို့ သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၄ နှစ်ကျော်အတွင်း စပါးစိုက်ပျိုးရာမှာ အသုံးပြုရတဲ့ သွင်းအားစုတွေဖြစ်တဲ့ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ထုံးနဲ့ ဒီဇယ်ဈေးတွေ ၃ ဆကျော် မြင့်တက်လာလို့ လယ်သမားတွေဟာ အရင်လို ပိုးသတ်ဆေးနဲ့ ပေါင်းသတ်ဆေးတွေကို မသုံးနိုင်တော့ဘူးလို့ တောင်သူတွေက ဆိုပါတယ်။