Home
မြန်မာသတင်း
မအူပင်နှင့် ကျိုက်လတ်တွင် စပါးဖျက်ရွှေခရုများ ကျရောက်သဖြင့် လယ်သမားများ အခက်ကြုံ
DVB
·
June 4, 2025
Photo: KKL

ဧရာဝတီတိုင်း၊ မအူပင်နဲ့ ကျိုက်လတ်မြို့နယ်အတွင်းက မိုးစပါးခင်း ဧက ၁,၀၀၀ ကျော်မှာ စပါးဖျက် ရွှေခရုတွေ ဝင်ရောက်ဖျက်ဆီးနေတယ်လို့ ဒေသခံ လယ်သမားတွေက ပြောပါတယ်။

ရွှေခရုတွေ ဝင်ရောက်နေချိန်မှာ တဖက်မှာလည်း ပိုးသတ်ဆေးတွေက ဈေးအဆမတန် ကြီးမြင့်နေတာကြောင့် လယ်သမားတွေအတွက် ရွှေခရုနှိမ်နင်းဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

မအူပင်မြို့နယ် ဒေသခံတောင်သူတယောက်က “ခုမှစထွက်တဲ့ အနေအထားမှာ ရွှေခရုကျတော့ အတော်နာတာပေါ့။ ပိုးသတ်ဆေးဝယ်ဖို့ကလည်း စရိတ်မတတ်နိုင်တော့ တော်တော်ဖြေရှင်းဖို့ ခက်တယ်။ ပိုဆိုးတာက ရွှေခရုက ဥချနှုန်းလည်း မြန်တယ်၊ ဘာလုပ်ရမှန်း မသိဘူး” လို့ ပြောပါတယ်။

စပါးဖျက် ရွှေခရုတွေဟာ မအူပင်နဲ့ ကျိုက်လတ်မြို့နယ် အတွင်းက အခုနှစ်စိုက်ပျိုးဖို့ ပျိုးထောင်ထားတဲ့ စပါးတွေမှာ အဓိက ကျရောက်နေတာဖြစ်ပြီး နှိမ်နင်းလို့ မနိုင်တာကြောင့် စိုက်ပျိုးထားတဲ့ မျိုးစပါးတွေကို စွန့်လွှတ်ရမယ့် အနေအထား ဖြစ်နေတယ်လို့ ဆိုပါတယ်။

ကျိုက်လတ်မြို့နယ်က ဒေသခံ တောင်သူတယောက်က “ရွှေခရုဖျက်လို့ ပြန်စိုက်ရတာ ၂ ကြိမ်ရှိပြီ။ အခုတော့ ပြန်စိုက်ဖို့မရှိ ငွေမတတ်နိုင်တော့ဘူး။ ရွှေခရုထပ်မကျဖို့ ရတဲ့နည်းတဲ့ ဖြေရှင်းနေတာ မလျော့ကျသွားတဲ့အပြင် အဆမတန် ထပ်တိုး ထပ်တိုး ကျနေတယ်” လို့ ပြောပါတယ်။

မအူပင်နဲ့ ကျိုက်လတ်မြို့နယ်က ဒေသခံတွေဟာ စပါးစိုက်ပျိုးတဲ့လုပ်ငန်းကို အဓိက လုပ်ကိုင်ကြတာဖြစ်ပြီး လက်ရှိ စပါးအပင်ဖျက် ရွှေခရုကျတဲ့ လယ်ပိုင်ရှင်တွေဟာ နွေစပါးတွေ ရိတ်သိမ်းချိန်ကလည်း စပါးဈေးကျခဲ့လို့ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတဲ့အပြင် အခုလို စပါးအပင်ဖျက် ရွှေခရုတွေ ကျတာကို ကြုံနေရတာလို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၄ နှစ်ကျော်အတွင်း စပါးစိုက်ပျိုးရာမှာ အသုံးပြုရတဲ့ သွင်းအားစုတွေဖြစ်တဲ့ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ထုံးနဲ့ ဒီဇယ်ဈေးတွေ ၃ ဆကျော် မြင့်တက်လာလို့ လယ်သမားတွေဟာ အရင်လို ပိုးသတ်ဆေးနဲ့ ပေါင်းသတ်ဆေးတွေကို မသုံးနိုင်တော့ဘူးလို့ တောင်သူတွေက ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013