
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ဘလောက်ညောင်ဝိုင်းကျေးရွာမှာ သားဖွားဆရာမက ဆေးထိုးပြီးနောက် အရေးပေါ်ဆေးရုံတင်ခဲ့ရတဲ့သူ ၂၉ ယောက်ထဲက အမျိုးသမီးကြီးတယောက် သေဆုံးသွားတယ် လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက် မနက်ပိုင်းမှာ ကျေးရွာတာဝန်ကျ သားဖွားဆရာမက ကျေးရွာအတွင်းက အသက် ၅၀ နဲ့ အထက် အမျိုးသား၊ အမျိုးသမီးတွေကို ဆီးချို၊ သွေးချိုတိုင်းတာစစ်ဆေးပြီး ဆေးထိုးပေးပြီးနောက် မူးဝေအော့အန်ကြလို့ နေ့လယ်ပိုင်းမှာ မုဒုံဆေးရုံကို အရေးပေါ်ပို့ဆောင်ကုသခဲ့ရတာပါ။
ဒေသခံတယောက်က “အဲဒီနေ့က သားဖွားဆရာမက ဆေးထိုးပေးပြီးတော့ သိပ်မကြာပါဘူး။ မူးဝေ အော့အန်တာတွေ ဖြစ်ကုန်တာ။ ရွာမှာပဲ ကုမရတဲ့အဆင့်မို့ ၂၉ ယောက်လုံး မုဒုံဆေးရုံကို အရေးပေါ် ပြောင်းခဲ့ရတာ။ ဆေးရုံတက်ရတဲ့သူတွေထဲက တယောက်က ကွယ်လွန်ခဲ့တာ ဟုတ်ပါတယ်။ ရက်တော်တော်လွန်နေတဲ့ ဆေးထိုးမိတာလို့တော့ ပြောနေတာပဲ” လို့ ပြောပါတယ်။
သေဆုံးခဲ့ရသူဟာ အသက် ၇၉ နှစ်အရွယ် ဒေါ်တင်သိန်း ဆိုသူဖြစ်ပြီး ဩဂုတ် ၁ ရက် မနက်အစောပိုင်းက မုဒုံဆေးရုံမှာပဲ သေဆုံးသွားတယ်လို့ သိရပါတယ်။
မုဒုံ ကျန်းမာရေးဌာနနဲ့ နီးစပ်သူတယောက်က “သားဖွားဆရာမ အသုံးပြုထိုးပေးခဲ့တဲ့ ဆေးတွေကို စစ်ဆေးနေသလို ဆရာမကိုလည်း စစ်ဆေးနေပါတယ်။ တယောက် ဆုံးတာ ဟုတ်ပါတယ်။ ကျန်တဲ့သူတွေက ကျန်းမာပါတယ်” လို့ ပြောပါတယ်။
စစ်ဆေးခံနေရတဲ့ သားဖွားဆရာမဟာ ကျေးရွာတာဝန်ခံဆရာမ ဖြစ်ပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဒေသခံတွေကို ကျန်းမာရေးစစ်ဆေးပေးပြီး လိုအပ်တဲ့သူတွေကို ဆေးထိုးပေးနေခဲ့ပေမယ့် အရင်က အခုလိုမျိုး ဖြစ်ဖူးတာမရှိခဲ့ဘူးလို့ ဆိုပါတယ်