
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ဘလောက်ညောင်ဝိုင်းကျေးရွာမှာ အကြောဆေးထိုးပြီးနောက် လူ ၂၉ ယောက် အရေးပေါ် ဆေးရုံတင်လိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇူလိုင် ၃၀ ရက် မနက်ပိုင်းမှာ ကျေးရွာတာဝန်ကျ သားဖွားဆရာမက ကျေးရွာအတွင်းက အသက် ၄၀ နဲ့အထက် အမျိုးသား၊ အမျိုးသမီးတွေကို ဆီးချို၊ သွေးချို တိုင်းတာ စစ်ဆေးပေးပြီးနောက် လိုအပ်သူတွေကို အကြောဆေး ထိုးပေးခဲ့တာလို့ ဆိုပါတယ်။
ဖြစ်စဥ်ကို သိရှိသူတယောက်က “ဆေးထိုးပေးပြီးနောက် နေ့လယ်ပိုင်းလောက်ကစပြီး ဆေးထိုးခံထားရသူတွေက မူးဝေတာ၊ အော့အန်တာတွေ ဖြစ်တာ။ နီးစပ်ရာဆေးခန်းတွေ သွားပြကြပေမဲ့ မသက်သာကြလို့ မုဒုံဆေးရုံကို တင်လိုက်ရတာ” လို့ ပြောပါတယ်။
အဲဒီကျေးရွာက သားဖွားဆရာမဟာ အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်း ကျန်းမာရေး စစ်ဆေးပေးပြီး လိုအပ်တဲ့သူတွေကို ဆေးထိုးပေးနေတာဖြစ်ပြီး အခုတကြိမ်သာ ဆေးထိုးပြီးနောက် အခုလိုအခြေအနေ ဖြစ်ပေါ်တာလို့ ဆိုပါတယ်။
ကျန်းမာရေးဌာနနဲ့ နီးစပ်သူက “အားလုံး ၂၉ ယောက် အရေးပေါ် ဆေးရုံတင်လိုက်ရတာ ဟုတ်ပါတယ်။ သေဆုံးသူ မရှိသလို အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေလည်း မရှိပါဘူး။ သက်ကြီးပိုင်းတွေပါတော့ သူတို့က နည်းနည်းပိုခံစားရတာပေါ့။ စနစ်တကျ စစ်ဆေးကုသပေးနေပါတယ်” လို့ ပြောပါတယ်။
ဆေးထိုးပြီးနောက် ကျန်းမာရေး အရေးပေါ်အခြေအနေ ဖြစ်သွားခဲ့တဲ့သူတွေဟာ အသက် ၅၀ နဲ့အထက် အရွယ်တွေ ဖြစ်ကြပြီး ၆ ယောက်က သက်သာလို့ နေ့ချင်း ဆေးရုံပြန်ဆင်းလာခဲ့ပေမဲ့ အဲဒီဆေးရုံဆင်းလာသူထဲက ၂ ယောက်ဟာ ညပိုင်းနေပိုင်းမှာ ဆေးရုံပြန်တင်လိုက်ရတယ်လို့ သိရပါတယ်။
လတ်တလောမှာ အရပ်သား ၂၉ ယောက်ကို ဆေးထိုးပေးပြီးနောက် ဆေးရုံပို့လိုက်ရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သားဖွားဆရာမကို ကျန်းမာရေးဌာနက ခေါ်ယူစစ်ဆေးနေတယ်လို့ သိရပါတယ်။