Home
မြန်မာသတင်း
မုဒုံတွင် စစ်ကား ၁ စီး တိုက်ခိုက်ခံရ၊ ရေဖြူတိုက်ပွဲ၌ စစ်တပ်က အရာရှိ ၁ ဦးအပါအဝင် ၆ ဦးသေဆုံး 
DVB
·
June 11, 2024

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မော်လမြိုင်-သံဖြူဇရပ် ကားလမ်း‌မပေါ်မှာ အမှတ် ၃၁၈ စစ်ကောင်စီ အမြောက်တပ်ရင်းက စစ်‌ကားတစီးကို တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၃ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကာ သေနတ်တလက်နဲ့ ခဲယမ်းတွေလည်း ရရှိခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့ NMSP-AD အဖွဲ့ထံက သိရပါတယ်။

မုဒုံမြို့နယ်၊ ရောင်းဒေါင်းကျေးရွာအနီး မော်လမြိုင်-သံဖြူဇရပ် ကားလမ်းမပေါ်မှာ အမတ ၃၁၀ မှ စစ်ကောင်စီအင်အား ၁၀ ဦးဝန်းကျင်နဲ့ ကင်းလည့်လာတဲ့ ဟိုက်ဂျက်ကားကို ဇွန် ၉ ရက် ညနေ ၄ နာရီခွဲလောက်က NMSP-AD အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

တိုက်ခိုက်မှုကြောင့် အရာခံဗိုလ်တင်ဝင်း အပါအဝင် စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကာ MA 1 တလက်၊ ကျည် ၁၁၅ တောင့်နဲ့ ကျည်ဘောက်တချို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။

NMSP-AD ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က “ရောင်းဒေါင်းရွာနားမှာ ၄ နာရီခွဲလောက်က ကျနော်တို့ စကစကားကို ဝင်ပစ်တာ။ ကားလမ်းပေါ်မှာ စစ်သားအလောင်းတလောင်း ကျန်ခဲ့ပြီး သေနတ်တလက် ရလိုက်တယ်။ ကားပေါ်မှာက ပထမ တယောက်သေပြီး ၄ ယောက် ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့ ၄ ယောက်ထဲက တယောက်ထပ်သေတော့ စုစုပေါင်း ၃ ဦးသေတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီကားကို ပစ်ခတ်တိုက်ခိုက်နေတဲ့အချိန် ဖြတ်သွားတဲ့ကုန်ကားပေါ်က ယာဉ်မောင်းတဦး ဗိုက်မှာ သေနတ်ဒဏ်ရာ ထိမှန်ခဲ့ပြီး သံဖြူဇရပ်‌ဆေးရုံမှာ ကုသမှု ခံယူနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ပစ်နေတဲ့အချိန် မော်လမြိုင်ကထွက်လာတဲ့ ကုန်ကားက ဖြတ်တဲ့အချိန်နဲ့ တိုးပြီး ယာဉ်မောင်းတဦး ဒဏ်ရာရသွားတာ။ အခု သံဖြူဇရပ်ဆေးရုံမှာပါ။ စိုးရိမ်စရာ အခြေအနေတော့ မရှိဘူး။ ပစ်ခတ်တဲ့နေရာနားကို ဖြတ်သွားကြည့်တော့ စစ်သားအလောင်းတလောင်း ကျန်ခဲ့တယ်။ ဘယ်သူမှလည်း လာပြန်မကောက်ဘူး။”

မုဒုံမြို့နယ်၊ အဘစ်ကျေးရွာအခြေစိုက် အမှတ် ၃၁၈ ကင်းလှည့်ကား တိုက်ခိုက်ခံရပြီးနောက် ညပိုင်းမှာ အဲဒီတပ်ရင်းက လက်နက်ကြီးတွေနဲ့ အနီးနား ကျေးရွာတွေကို ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၄ ရက်ကလည်း မုဒုံမြို့နယ်၊ ရောင်းဒေါင်းကျေးရွာနားမှာ ကမာဝက်နယ်မြေ ရဲစခန်းမှူးကားနဲ့ စစ်ကောင်စီစရဖကားကို NMSP-AD က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်မှုမရှိပေမဲ့ သေနတ်တလက်နဲ့ စစ်အသုံးအဆောင်တချို့ကို သိမ်းဆည်းရမိခဲ့ပြီး ကား ၂ စီးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

‌တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အတွင်းမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရာရှိတဦး အပါအအဝင် ၆ ဦးသေဆုံးခဲ့ပြီး ၆ ဦးဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီ လက်နက်ကြီးကြောင့် အရပ်သားပြည်သူ ၄ ဦး သေဆုံးခဲ့တဲ့အပြင် ပြည်သူတွေလည်း စစ်ဘေးရှောင်နေရတယ်လို့ မွန်ပြည်တော်လှန်ရေးတပ် MSRF နဲ့ ဒေသခံတွေက ပြောပါတယ်။

ရေဖြူမြို့နယ်၊ သာယာမွန်ကျေးရွာအနီးမှာ ဇွန် ၈ ရက် မွန်းလွဲ ၂ နာရီကျော်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့‌တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရာရှိတဦး အပါအဝင် ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ရေဖြူမြို့နယ်အတွင်း စစ်ကောင်စီက စစ်ကြောင်းထိုးနေတဲ့အတွက် စစ်ရေးတင်းမာနေပြီး တော်လှန်ရေးတပ်ဖွဲ့တွေကလည်း ကြားဖြတ်တိုက်ခိုက်နေတယ်လို့ MSRF တာဝန်ခံ နိုင်နဂါးက ပြောပါတယ်။

“သူတို့က ဒီဘက်မှာ အင်အားဖြည့်တင်းနေတာတောင် မဟုတ်ဘူး၊ စစ်ကြောင်းပါ ထိုးနေတာ။ သူတို့ဘက်က စစ်ကြောင်းတွေကို ကြားဖြတ်တိုက်ခိုက်တာကြောင့် ထိခိုက်မှုတွေလည်း ရှိတယ်။ ရေး-ထားဝယ်လမ်းပိုင်းပေါ့၊ ရေဖြူမှာ စစ်ရေးတင်းမာနေပါတယ်။”

မောရဝတီရေတပ်က စစ်ကြောင်းထိုးနေတဲ့အချိန် လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့ပြီး လက်နက်ကြီးတလုံးဟာ ရာဖူးရွာသစ်ရွာထဲရှိ နေအိမ်တလုံးပေါ် ကျရောက်ပေါက်ကွဲခဲ့လို့ လသားအရွယ် ကလေးတဦး အပါအဝင် ၄ ဦး သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီနဲ့ ‌တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲပြင်းထန်နေတာကြောင့် ရာဖူးရွာသစ်၊ ကော့လိုင်၊ သာယာမွန်ကျေးရွာ အပါအဝင် အနီးနားရှိ ဒေသခံတွေ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ရာဖူးရွာသစ်ရွာသားတဦးက ပြောပါတယ်။

“စစ်တပ် စစ်ကြောင်းတကြောင်းက ၉ ရက်နေ့အထိ ရာဖူးရွာသစ်ရွာထိပ်မှာ တပ်စွဲထားတုန်းပဲ။ လက်ရှိအချိန်မှာ တိုက်ပွဲခဏငြိမ်ပေမဲ့ ဘယ်သူမှ မပြန်‌ရဲသေးဘူး။ နှစ်ဖက်လုံး အင်အားဖြည့်နေလို့ တိုက်ပွဲတွေက ဆက်ဖြစ်လာဦးမှာပဲ။ အားလုံးပေါင်း စစ်ရှောင်ရတာ ၅ ရွာ၊ ၆ ရွာလောက်ရှိတယ်။”

တိုက်ခိုက်မှုကို မွန်ပြည်တော်လှန်ရေးတပ် MSRF၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်းနဲ့ မဟာမိတ်တပ်ဖွဲ့များ၊ NMSP-AD၊ ရေးပြောက်ကျားတပ်ဖွဲ့ YGF၊ Saw Dragon Drone Force တို့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။

စစ်ကောင်စီက ရေဖြူမြို့အတွင်း အင်အားဖြည့်တင်းပြီး စစ်ကြောင်းထိုးလာတာကြောင့် ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးကို မဟာမိတ်ပူးပေါင်းတပ်တွေက ဇွန် ၉ ရက်ကစပြီး အရေးတကြီး မလိုအပ်ပါက လုံးဝအသုံးမပြုဖို့ ထုတ်ပြန်ခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013