
ပီရူးသမ္မတ ဒီနာဘိုလွာတေးဟာ ၁၉၈၀ ပြည့်နှစ်မှ ၂၀၀၀ ပြည့်နှစ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ စစ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအတွက် လွတ်ငြိမ်းချမ်းသာခွင့် ပေးထားတဲ့ အငြင်းပွားဖွယ်ဥပဒေကို ရပ်ဆိုင်းဖို့ နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာ အမေရိကန်တရားရုံး (IACHR) ဆီက မကြာသေးခင်က တောင်းဆိုချက်ကို ဇူလိုင် ၃၁ ရက်မှာ ပယ်ချခဲ့ပါတယ်။
ဇူလိုင်လအစောပိုင်းမှာ ပီရူးကွန်ဂရက်လွှတ်တော်ဟာ အာဏာသိမ်းဖို့ ကြိုးပမ်းခဲ့တဲ့ ဆန်ဒေးရိုး လူမင်နိုဆို မော်ဝါဒီအဖွဲ့နဲ့ ထိပ်တိုက်တွေ့ချိန်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တရားစွဲခြင်း သို့မဟုတ် ပြစ်ဒဏ်စီရင်ခြင်း ခံနေရတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ ဥပဒေကြမ်းကို အတည်ပြုခဲ့ပါတယ်။
လွတ်ငြိမ်းချမ်းသာခွင့်ဟာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ကျူးလွန်မှုတွေအတွက် ရာနဲ့ချီတဲ့ အမှုတွဲတွေနဲ့ ပြစ်ဒဏ်တွေကို မြှုပ်နှံ ပျောက်ကွယ်သွားနိုင်တယ်လို့ သေဆုံးသူတွေရဲ့ မိသားစုတွေက တိုင်ကြားထားပါတယ်။
သမ္မတ ဘိုလွာတေးက “ကျမတို့ဟာ ဘယ်နိုင်ငံရဲ့ လက်အောက်ခံမှလည်း မဟုတ်ပါဘူး။ ကျမတို့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေက ရူးနှမ်းမိုက်မဲတဲ့ အကြမ်းဖက်မှုကို အသက်စွန့်ပြီး ရင်ဆိုင်တိုက်ခိုက်ခဲ့ကြသူတွေ ဖြစ်တာကြောင့် သူတို့အတွက် တရားမျှတမှု ရရှိစေဖို့ ရည်ရွယ်ထားတဲ့ ဥပဒေကြမ်းတခုကို ရပ်ဆိုင်းပေးဖို့ ဝင်ရောက်စွက်ဖက်ချင်တဲ့ လူ့အခွင့်အရေးဆိုင်ရာ အမေရိကန်တရားရုံးကို ကျမတို့ ခွင့်မပြုပါဘူး” လို့ ရဲတပ်ဖွဲ့ အခမ်းအနားအတွင်းမှာ ပြောကြားခဲ့ပါတယ်။
ဒီသီတင်းပတ်အတွင်းမှာ နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ အမေရိကန်တရားရုံးရဲ့ ဥက္ကဋ္ဌဟာ လူ့အခွင့်အရေး ချိုးဖောက်ခံရသူတွေအတွက် တရားမျှတမှုရရှိရေး အာမခံနိုင်ဖို့ လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ်ကို ချက်ချင်းရပ်ဆိုင်းပေးဖို့ ပီရူးနိုင်ငံကို တောင်းဆိုခဲ့တာပါ။
ဒါကို ခွင့်မပြုရင် အဲဒီဥပဒေကို လိုက်နာကျင့်သုံးခြင်းမှ ရှောင်ကြဉ်ပေးဖို့ တာဝန်ရှိသူတွေကို တောင်းဆိုခဲ့ပါတယ်။
တရားဥပဒေစိုးမိုးရေးဌာနတွေနဲ့ သောင်းကျန်းသူအဖွဲ့တွေအကြား ထိပ်တိုက်ရင်ဆိုင်မှုတွေအတွင်း အရပ်သားတွေနဲ့ စစ်ဘက်ဆိုင်ရာဝန်ထမ်းတွေ အပါအဝင် လူပေါင်း ၆၉,၀၀၀ လောက်ဟာ သေဆုံး သို့မဟုတ် ပျောက်ကွယ်သွားခဲ့ကြကြောင်း တရားဝင်ကိန်းဂဏန်းတွေအရ သိရပါတယ်။
ဒီလွတ်ငြိမ်းချမ်းသာခွင့်ဟာ အမှုပေါင်း ၁၅၆ မှုကို အပြီးသတ် စီရင်ချက်ချမှာဖြစ်ပြီး စစ်ဆေးဆဲအမှုပေါင်း ၆၀၀ ကျော်ကို အပြစ်ပေး အရေးယူမှာ မဟုတ်ဘူးလို့ ပြည်တွင်း အမျိုးသားလူ့အခွင့်အရေး ညှိနှိုင်းရေးမှူးက လွန်ခဲ့တဲ့တပတ်လောက်က ပြောကြားခဲ့ပါတယ်။
လွတ်ငြိမ်းခွင့်ဥပဒေကို ဦးဆောင်တင်သွင်းခဲ့တဲ့ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေဟာ ကွယ်လွန်သူ သမ္မတဟောင်း အယ်လ်ဘာတို ဖူဂျီမိုရီရဲ့ လက်ယာပါတီဖြစ်တဲ့ ဖူဝါဇာ ပေါ်ပြူလာ ပါတီက ဖြစ်ကြပြီး ဒီဥပဒေဟာ ပြစ်ဒဏ်စီရင်ခြင်းမခံရဘဲ နှစ်ပေါင်း ၂၀ ကျော်ကြာ ဆက်လက် ကျူးလွန်နေခဲ့တဲ့ စစ်သားတွေအပေါ် ရာနဲ့ချီတဲ့ စစ်ဆေးမှုတွေကို အဆုံးသတ်သွားစေလိမ့်မယ်လို့ ပြောဆိုကြပါတယ်။
Source: Reuters


