
ဟေတီမြို့တော် ပို့တ်အော်ပရင့်စ်မှာ နေသူတွေဟာ ပြင်းထန်တဲ့ အုပ်စုဖွဲ့ အကြမ်းဖက်မှုတွေကို တိုက်ဖျက်ရေး အစိုးရက အရေးယူပေးဖို့ တောင်းဆိုနေကြပါတယ်။
အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေ ပြင်းထန်လာလို့ ကာရေဘီယံနိုင်ငံ ဟေတီရဲ့ လုံခြုံရေးအခြေအနေဟာ မကြာသေးမီလတွေအတွင်း သိသိသာသာ ဆိုးရွားလာခဲ့တာပါ။
ဂိုဏ်းတွေရဲ့ လွှမ်းမိုးမှုကနေ လွတ်ကင်းတဲ့ နယ်မြေနည်းနည်းဟာလည်း ဖျက်ဆီးခံလာရပါပြီ။ ဖေဖော်ဝါရီ တလတည်းမှာ ပို့တ်အော်ပရင့်စ်မြို့တော်မှာ ပြင်းထန်တဲ့ အကြမ်းဖက်မှုတွေကြောင့် လူ ၆၀,၀၀၀ နီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။
လက်ရှိမှာ ဟေတီနိုင်ငံတဝန်း လူပေါင်း ၁ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး လွန်ခဲ့တဲ့နှစ်ကထက် ၃ ဆတိုးလာခဲ့တာလည်း ဖြစ်ပါတယ်။
လက်နက်ကိုင်ဂိုဏ်းတွေက ရပ်ကွက်တွေကို သိမ်းပိုက်ပြီးပြီဖြစ်လို့ မြို့တော်ဟာ အချိန်မရွေး ပြိုလဲသွားနိုင်တဲ့အတွက် စိုးရိမ်မှုတွေ တိုးလာနေပါတယ်။
နိုင်ငံလူဦးရေရဲ့ ထက်ဝက်က အစာရေစာပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရပြီး ရွှေ့ပြောင်းဒုက္ခသည် အများအပြားဟာလည်း စားနပ်ရိက္ခာ၊ ရေနဲ့ ဆေးဝါးကုသခွင့်တို့ ဆိုးဆိုးရွားရွား ကန့်သတ်ထားတဲ့ ယာယီအမိုးအကာတွေရဲ့အောက်မှာ ခိုလှုံနေကြရပါတယ်။
တချိန်တည်းမှာ ပြန်ပေးဆွဲခြင်း၊ ငွေညှစ်ခြင်း၊ သတ်ဖြတ်ခြင်းတွေနဲ့အတူ အုပ်စုဖွဲ့ အကြမ်းဖက်မှုတွေ ပိုပြင်းထန်လာနေတာပါ။
အထူးသဖြင့် ပို့တ်အော်ပရင့်စ်ရဲ့ မြို့တော်ဧရိယာမှာ ကမောက်ကမအဖြစ်တွေ ပိုနက်ရှိုင်းလာနေပါတယ်။
“ကျနော်တို့မှာ သွားစရာနေရာ မရှိပါဘူး။ အစိုးရကို ပြောစရာ တခုပဲရှိတယ်၊ သူတို့က ကျနော်တို့အတွက် တခုခုလုပ်ပေးရမယ်” လို့ ဒေသခံ စျေးသည်တယောက်က ပြောပါတယ်။
ငွေကြေးဖောင်းပွမှု မြင့်တက်လာခြင်းနဲ့အတူ အခြေခံဝန်ဆောင်မှုတွေ ပြိုကျလာပြီး စားနပ်ရိက္ခာ မလုံလောက်မှု ပိုမိုဆိုးရွားလာနေပါတယ်။
ဒီမငြိမ်မသက်မှုတွေကြားမှာ ကင်ညာ ဦးဆောင်တဲ့ ကုလသမဂ္ဂ ကျောထောက်နောက်ခံပြု နိုင်ငံတကာတပ်ဖွဲ့တွေ ရှိနေတဲ့ကြားက အုပ်စုဖွဲ့အကြမ်းဖက်မှုတွေ မြင့်တက်နေဆဲ ဖြစ်ပါတယ်။
အခြေအနေတွေ ပိုဆိုးလာတာနဲ့အမျှ သန်းပေါင်းများစွာသော ပြည်သူတွေက ရေရှည်တည်တံ့တဲ့ သက်သာရာကို တွေးဆနေကြပါတယ်။
Source : Reuters


