ရှမ်းပြည်နယ်၊ ပင်းတယမြို့နယ်မှာ တောင်ပြိုပြီး တောင်ကျရေစီးဆင်းမှုကြောင့် ဒေသခံတွေ သေဆုံးခဲ့သလို စာသင်ကျောင်း၊ နေအိမ်နဲ့ ဘုန်းတော်ကြီးကျောင်းတွေအပြင် သီးနှံစိုက်ခင်းတွေ အများအပြား ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
ဇူလိုင် ၂၈ ရက်ည သန်းခေါင်ယံမှာ တောင်ပြိုပြီး တောင်ကျရေ စီးဆင်းလာတဲ့အတွက် ပင်းတယမြို့နယ်ရှိ သိမ်ကုန်းကျေးရွာအုပ်စု၊ ပင်စိမ်းပင်၊ ကုန်းစောင်း၊ သိမ်ကုန်း၊ အုံအက်ကျေးရွာတွေမှာ စာသင်ကျောင်း၊ နေအိမ်နဲ့ ဘုန်းတော်ကြီးကျောင်းပေါင်း ၃၀ ကျော် ပျက်စီးခဲ့ပြီး လူ ၇ ယောက်သေဆုံးကာ၊ တယောက် ပျောက်ဆုံးနေပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့တာပါ။
ဒါ့အပြင် ပင်းတယတောင်တန်းအထက်ရှိ ပန်းစစ်၊ ကြံခင်းမြောင်၊ ပင်စိမ်းပင်၊ ကုန်းစောင်း၊ အုံအက်၊ သိမ်ကုန်း တောက်လျှောက်စီးဆင်းလာတာဖြစ်ပြီး စပါးအစေ့ထုတ်ပြောင်းစတဲ့ သီးနှံစိုက်ခင်းတွေလည်း ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
တောင်ကျရေတွေနဲ့အတူ သစ်ပင်တွေ၊ ကျောက်တုံးတွေလည်းပါလာပြီး ကျေးရွာတွေကို ဖုံးလွှမ်းသွားလို့ အထိခိုက်အပျက်စီးအများဆုံးဖြစ်တဲ့ ကုန်းစောင်းကျေးရွာကို ပြောင်းရွှေ့ဖို့ ပြင်ဆင်နေပါတယ်။
Photo: DVB