
စစ်တပ် အငြိမ်းစားဗိုလ်မှူးချုပ်ဟောင်း အောင်ကျော်ဟိုးကို အလုပ်သမားဝန်ကြီးအဖြစ်အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဇူလိုင် ၃၁ ရက်မှာ ခန့်လိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်ကမှ ခန့်ထားတဲ့ အလုပ်သမားဝန်ကြီး ဦးချစ်ဆွေကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှာ ပြောင်းလဲခန့်ထားလိုက်ပြီး သမ္မတရုံးဝန်ကြီးဌာန ၄ ဝန်ကြီးဖြစ်တဲ့ ဦးအောင်ကျော်ဟိုးကို အလုပ်သမားဝန်ကြီးအဖြစ် ခန့်ထားလိုက်တာပါ။
စစ်တပ်အာဏာသိမ်းပြီး အလုပ်သမားဝန်ကြီးအဖြစ် ခန့်ခဲ့တဲ့အထဲမှာ ဦးမြင့်ကြိုင်နဲ့ ဒေါက်တာပွင့်ဆန်းကလွဲရင် ကျန်ဝန်ကြီးတွေဟာ စစ်တပ်က အငြိမ်းစားဗိုလ်မှူးချုပ်တွေဖြစ်လို့ အလုပ်သမားတွေအတွက် အခွင့်အရေးရရှိမှု နည်းပါးတယ်လို့ အလုပ်သမားဝန်ကြီးဌာနနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“စစ်တပ်ကခန့်ခဲ့တဲ့ အလုပ်သမားဝန်ကြီး ၅ ယောက်ထဲမှာ၊ ၃ ယောက်က ဗိုလ်မှူးချုပ်တွေ၊ တပ်ကလာတော့ အလုပ်သမားတွေရဲ့ဘဝကို မသိဘူး။ အလုပ်သမားတွေ အခွင့်အရေး တောင်းတာတို့ ဆန္ဒပြတာတို့ဆို စစ်တပ်ခေါ်ပြီး ဖြိုခွင်းဖို့လောက်သိတာ။ အဲလိုလူတွေတက်လာတော့ အလုပ်သမားတွေအတွက် ရပိုင်ခွင့်တွေ ဆုံးရှုံးတာပေါ့။”
စစ်ကောင်စီက အာဏာသိမ်းပြီးနောက် NLD အစိုးရလက်ထက်က ခန့်ထားတဲ့ အလုပ်သမားဝန်ကြီးဌာနနဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းဆွေကို ဖြုတ်ပစ်လိုက်ပြီး ဒုဝန်ကြီး ဦးမြင့်ကြိုင်ကို ဝန်ကြီးအဖြစ် ခန့်ခဲ့ပါတယ်။
၂၀၂၂ ခုနှစ် သြဂုတ် ၁၉ ရက်မှာ အလုပ်သမားဝန်ကြီးဌာနနဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ၂ ခုခွဲလိုက်ပြီး ဦးမြင့်ကြိုင်ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးအဖြစ် ခန့်ကာ ဒေါက်တာပွင့်ဆန်းကို အလုပ်သမားဝန်ကြီးအဖြစ် ခန့်ခဲ့ပါတယ်။
၂၀၂၃ ခုနှစ်အတွင်းမှာ စက်ရုံအလုပ်ရုံတွေမှာ အလုပ်သမားအခွင့်အရေး တောင်းဆိုသူတွေ များလာပြီး မဖြေရှင်းနိုင်တဲ့အတွက် ဒေါက်တာပွင့်ဆန်းကို တာဝန်ကနေ အနားပေးကာ ၂၀၂၃ ခုနှစ် သြဂုတ် ၃ ရက်မှာ အငြိမ်းစားဗိုလ်မှူးချုပ်မြင့်နောင်ကို ခန့်လိုက်ပါတယ်။
အလုပ်သမားဝန်ကြီး ဗိုလ်မှူးချုပ်ဟောင်း မြင့်နောင်လည်း အလုပ်သမားအရေးကို ပြေလည်အောင် မဖြေရှင်းနိုင်လို့ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၁ ရက်မှာ အငြိမ်းစားဗိုလ်မှူးချုပ်ချစ်ဆွေကို ထပ်မံခန့်ခဲ့ပါတယ်။
အခု အလုပ်သမားဝန်ကြီးအဖြစ် အသစ်ထပ်ခန့်လိုက်တဲ့ အငြိမ်းစားဗိုလ်မှူးချုပ် အောင်ကျော်ဟိုးဟာ ဗိုလ်ချုပ်ကြီးရဲဝင်းဦးနဲ့ အပတ်စဥ်တူ OTS ၇၇ ကဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် အဖြစ်ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၂ ရက်မှာ စစ်ကောင်စီ ဥက္ကဋ္ဌရုံးဝန်ကြီးဌာန ၃ ရဲ့ ဝန်ကြီးအဖြစ် ခန့်အပ်ခံရသူ ဖြစ်ပါတယ်။