Home
မြန်မာသတင်း
မြန်မာစစ်လက်နက်ပွဲစားများကို ထရမ့်ပ်အစိုးရက ဆန်ရှင်ရုပ်သိမ်းမှု ဘယ်လိုသဘောဆောင်လဲ
DVB
·
July 30, 2025
Photo: DSINFO

စစ်ကောင်စီနဲ့ ဆက်နွှယ်တဲ့ လက်နက်ပွဲစားတွေကို  အမေရိကန်အစိုးရက ပိတ်ဆို့ဒဏ်ခတ်မှု ရုပ်သိမ်းလိုက်တာကြောင့် စစ်လက်နက်ဝယ်ယူရေးအတွက် နိုင်ငံတကာ ငွေကြေးပေးချေမှုမှာ အကူအညီ ဖြစ်စေနိုင်တယ်လို့  CDM စစ်တပ်အရာရှိဟောင်းက သုံးသပ်ပြောပါတယ်။  

မြန်မာစစ်တပ်အတွက် စစ်လက်နက်နဲ့ ကုန်ကြမ်းပစ္စည်းတွေ ဝယ်ယူပေးနေတဲ့ လူပုဂ္ဂိုလ် ၄ ယောက်နဲ့ ကုမ္ပဏီတချို့ကို စီးပွားရေးပိတ်ဆို့မှုစာရင်းကနေ ပယ်ဖျက်လိုက်ပြီလို့ အမေရိကန်က ၂၀၂၅ ခုနှစ် ဇူလိုင် ၂၄ ရက်မှာ ထုတ်ပြန်ခဲ့တာပါ။

အဲဒီထုတ်ပြန်ချက်ကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး (OFAC) ဝက်ဘ်ဆိုက်မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။

အဲဒီကုမ္ပဏီနဲ့ လူတွေကတော့ KT Group ဦးဆောင်သူ ဦးဂျော်နသန်မျိုးကျော်သောင်း၊ MCM Group ပိုင်ရှင် ဦးအောင်လှိုင်ဦး၊ Suntac ပိုင်ရှင် ဦးစစ်တိုင်းအောင်နဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီက ဒေါ်တင်မင်းလတ်တို့ ဖြစ်ပါတယ်။

မြန်မာ့စစ်ဘက်နဲ့ လုံခြုံရေးလေ့လာရေးအဖွဲ့ (MDSI) မှ CDM ဗိုလ်မှူးနောင်ရိုးက “စီးပွားရေး ပိတ်ဆို့ထားမှု အခြေအနေအောက်မှာပေါ့နော် အခက်အခဲဖြစ်တဲ့ အနေအထားတွေ၊ စစ်လက်နက်ပစ္စည်း ဝယ်ယူရရှိမှုတွေ၊ စစ်လက်နက်ဝယ်ယူရေးမှာ ငွေကြေးပေးချေမှု လုပ်ငန်းစဉ်တွေ၊ နောက် စစ်လက်နက် ထုတ်လုပ်ရေးမှာ အသုံးပြုတဲ့ ပစ္စည်းတွေ၊ ဒါတွေဝယ်ယူရရှိဖို့ အခက်အခဲဖြစ်နေတဲ့ အနေအထားတွေ၊ အခြေအနေတွေကိုတော့ ဒီလူပုဂ္ဂိုလ်တွေက ကူညီပံ့ပိုးဆောင်ရွက်မှုတွေ ရှိလာနိုင်တယ်၊ ပိုများလာနိုင်တယ်၊ ပြန်များလာနိုင်တယ်လို့တော့ ပြောလို့ရနိုင်မယ် ထင်ပါတယ်” လို့ ပြောပါတယ်။

KT Group ဦးဆောင်သူ ဦးဂျော်နသန်မျိုးကျော်သောင်းဟာ ၂၀၁၅ ခုနှစ်က ပါကစ္စတန် ဂျက်တိုက်လေယာဉ်တချို့ကို ဝယ်ယူရာမှာ ကူညီခဲ့သလို ရုရှားထုတ် ရဟတ်ယာဉ်တွေအတွက် အပိုပစ္စည်းတွေ ဝယ်ယူဖို့ တင်ဒါအောင်မြင်ခဲ့ပြန်ပါတယ်။

ဒါ့အတူ မြန်မာလေတပ်အတွက် Eurocopter ရဟတ်ယာဉ်၊ ATR လေယာဉ်၊ ကမ်းရိုးတန်း‌ ရေဒါနည်းပညာစနစ်နဲ့ Fokker 70 လေယာဉ်တွေလည်း ဝယ်ယူပေးခဲ့တယ်လို့ သိရပါတယ်။

MCM Group ပိုင်ရှင် ဦးအောင်လှိုင်ဦးကတော့ ယူကရိန်းကနေ မြန်မာစစ်တပ်အတွက် လိုအပ်တဲ့ စက်ပစ္စည်းတွေ၊ နည်းပညာနဲ့ ကုန်ကြမ်းပစ္စည်းတွေ တင်သွင်းပေးနေသူဖြစ်ပြီး စစ်ခေါင်းဆောင်ရဲ့ ရုရှားခရီးစဉ်တွေမှာ လိုက်ပါလေ့ရှိသူ ဖြစ်ပါတယ်။

ဒါ့အပြင် BTR-4 သံချပ်ကာယာဉ်တွေ၊ MMT-40 အပေါ့စားတင့်ကားတွေနဲ့ 2 SIU ဟောင်ဝစ်ဇာ အမြောက်တွေ မြန်မာစစ်တပ်နဲ့ ပူးပေါင်းထုတ်လုပ်ရေး စီမံကိန်းမှာ အရေးပါသူ ဖြစ်ပါတယ်။

Suntac ကုမ္ပဏီအုပ်စုပိုင်ရှင် ဦးစစ်တိုင်းအောင်ကလည်း စစ်ဘက်သွင်းကုန်လိုင်စင် ရရှိထားသူဖြစ်ကာ လေယာဉ်နဲ့ ထောက်လှမ်းရေး ရေဒါအစိတ်အပိုင်းတွေအပြင် လက်နက်ထုတ်လုပ်ဖို့ လိုအပ်တဲ့ ကုန်ကြမ်းတွေကို တင်သွင်းပေးသူလို့ သိရပါတယ်။

ဒေါ်တင်လတ်မင်းကတော့ ရွှေဗျိုင်းဖြူ လုပ်ငန်းစုပိုင်ရှင် ဦးသိန်းဝင်းဇော်ရဲ့ ဇနီးဖြစ်ပြီး ဦးသိန်းဝင်းဇော် စီးပွားရေးပိတ်ဆို့ခံရမှုနောက်ပိုင်း လုပ်ငန်းတွေကို လွှဲပြောင်းရယူပြီး နာမည်ခံထားသူ ဖြစ်ပါတယ်။

ဦးသိန်းဝင်းဇော်ဟာ မြန်မာနဲ့ စင်ကာပူနိုင်ငံတွေမှာ ကုမ္ပဏီပေါင်း ၃၀ ဝန်းကျင် တည်ထောင်ထားပြီး သစ်ထုတ်လုပ်ရေး၊ ကျောက်စိမ်း၊ သတ္တုတူးဖော်ရေးနဲ့ ရေနံလုပ်ငန်းတွေမှာ အကျိုးအမြတ်များတဲ့ လုပ်ပိုင်ခွင့်စာချုပ်တွေ ရရှိခဲ့သူဖြစ်တယ်လို့ Justice for Myanmar က ဆိုပါတယ်။

သူတို့ ၄ ယောက်ကို အမေရိကန်က စီးပွားပိတ်ဆို့မှုစာရင်းကနေ ပယ်ဖျက်ပေးလိုက်တဲ့အပေါ်  မြန်မာအရေးလှုပ်ရှားနေတဲ့ လော့စ်အိန်ဂျလိစ် မြန်မာလှုပ်ရှားမှုအဖွဲ့ (LA2M) မှ ဂျိမ်းစ်ရွှေက “ဒီစာရင်းထဲက ထွက်အောင်လို့ဆိုပြီး သူတို့ ဒီကုမ္ပဏီတွေကို restructures (ပြန်လည်ဖွဲ့စည်းမှု) လုပ်တယ်ဆိုတာ ကုမ္ပဏီအတွင်း အုပ်ချုပ်ရေးပိုင်းတွေ ဖွဲ့စည်းပုံတွေ ဘာတွေ ပြောင်းတာတို့ ဘာတို့။ အဲဒါတွေနဲ့လုပ်ပြီးတော့ သူတို့ ထုတ်ယူတာပေါ့လေ။ ရှေ့နေငှားပြီးတော့။ အဲတော့ မဟုတ်တာ ထပ်လုပ်တာနဲ့ Justice for Myanmar တို့ ဘာတို့ကလည်း တချိန်လုံး မျက်စိဒေါက်ထောက်ကြည့်နေတော့ တိုင်မှာပဲ။ တိုင်မယ်ဆိုလို့ရှိရင် နောက်ထပ် စာရင်းထဲပြန်ဝင်ဖို့ အလားအလာလည်း ရှိတာပေါ့လေ” လို့ ပြောပါတယ်။

ဒါ့အပြင် အမေရိကန်က အခုလို စာရင်းထဲက ထုတ်လိုက်တာနဲ့ တခြားနိုင်ငံတွေကလည်း သူတို့ကို စီးပွားပိတ်ဆို့မှုစာရင်းထဲကနေ ပယ်ဖျက်ဦးမှာ မဟုတ်သေးသလို နာမည်ပျက်ရှိထားတဲ့အတွက် ကမ္ဘာ့ဘဏ္ဍာရေးလောကထဲကို ချက်ချင်းဝင်ဆံ့ဦးမှာ မဟုတ်ဘူးလို့ သူက သုံးသပ်ပါတယ်။

တဖက်မှာလည်း လက်နက်ပွဲစားတွေကို ပိတ်ဆို့မှုစာရင်းကနေ ပယ်ဖျက်လိုက်တာကြောင့် လေကြောင်းတိုက်ခိုက်မှုတွေ ပိုလုပ်လာနိုင်မှာကို စိုးရိမ်ကြသူတွေရှိသလို စစ်အုပ်စုနဲ့ သူတို့ကို ပံ့ပိုးနေတဲ့ ခရိုနီတွေအပေါ် အမေရိကန်ရဲ့ အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေ အားနည်းသွားနိုင်တာကို စိုးရိမ်ကြောင်း Justice for Myanmar ပြောခွင့်ရသူ မရတနာမောင်က DVB ကို ပြောပါတယ်။

တဖက်မှာလည်း ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်က မြန်မာစစ်ကောင်စီက ကျင်းပဖို့ရှိနေတဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ စစ်တပ်ကို ထိုင်းက တရားဝင်မှု မပေးသင့်ဘူးလို့ ဇူလိုင်လကုန်မှာ ပြောခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်ကို ထောက်ပံ့ကူညီနေတဲ့ အကြောင်းပြချက်နဲ့ သမ္မတ ဂျိုးဘိုင်ဒင် လက်ထက် ၂၀၂၂ ခုနှစ်မှာ ဦးမျိုးကျော်သောင်း၊ ဦးစစ်တိုင်းအောင်၊ ဦးအောင်လှိုင်ဦး၊ ၂၀၂၄ ခုနှစ်မှာ ဒေါ်တင်မင်းလတ်တို့ကို  အမေရိကန်က ပိတ်ဆို့မှုစာရင်းထဲ ထည့်ခဲ့တာ ဖြစ်ပါတယ်။

စိုးသူအောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013