Home
မြန်မာသတင်း
မြန်မာ့မြေရှားသတ္တုရယူရေး အဆိုပြုချက် ထရမ့်ပ်အစိုးရ လက်ခံစဉ်းစားနေ
DVB
·
July 29, 2025
Photo :Reuters

မြန်မာနိုင်ငံမှ မြေရှားသတ္တုသယံဇာတ ထောက်ပံ့မှုကို မဟာဗျူဟာပြိုင်ဘက် တရုတ်နိုင်ငံဆီကနေ လမ်းကြောင်းလွှဲယူနိုင်ဖို့ အပြိုင်အဆိုပြုချက်တွေကို ထရမ့်ပ်အစိုးရက လက်ခံကြားနာခဲ့တယ်လို့ ဒီဆွေးနွေးမှုတွေအကြောင်း တိုက်ရိုက်သိရှိတဲ့ လူ ၄ ယောက်က ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ဒီကိစ္စဟာ မြန်မာနိုင်ငံအပေါ် အမေရိကန်ရဲ့ ကာလရှည် မူဝါဒကိုပါ အပြောင်းအလဲ ဖြစ်သွားစေနိုင်တယ်လို့ သုံးသပ်ဖော်ပြထားပါတယ်။

ဘာမှ ဆုံးဖြတ်ချက်မချရသေးပေမဲ့ မြန်မာနိုင်ငံက လေးလံမြေရှားကို ယူမယ်ဆိုရင်တောင်မှ ထောက်ပံ့ပို့ဆောင်ရေးမှာ ကြီးမားတဲ့ အတားအဆီးတွေ ရှိတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

တကယ်လို့ ဒီအကြံဉာဏ်တွေကို အကောင်အထည်ဖော်ဖြစ်ခဲ့ရင်တော့ အမေရိကန်အနေနဲ့  မြန်မာ့ မြေရှားသတ္တုသိုက် နေရာအများစုကို ထိန်းချုပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေနဲ့ သဘောတူညီချက်ရယူဖို့ လိုအပ်လာနိုင်ပါတယ်။

အဆိုပြုချက်တွေထဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိနိုင်ရေးအတွက် မြန်မာစစ်ကောင်စီနဲ့ ဆွေးနွေးဖို့ တိုက်တွန်းတဲ့ အချက်တခုလည်း ပါဝင်ပါတယ်။

နောက်တမျိုးကတော့ အမေရိကန်အနေနဲ့ စစ်ကောင်စီနဲ့ မပတ်သက်ဘဲ KIA နဲ့ တိုက်ရိုက်လက်တွဲ ဆောင်ရွက်ဖို့ အဆိုပြုချက် ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်က မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရဆီကနေ အာဏာသိမ်းကတည်းက အမေရိကန်ဟာ စစ်ခေါင်းဆောင်တွေနဲ့ တိုက်ရိုက်ဆွေးနွေးမှုမျိုးတွေကို ရှောင်ရှားခဲ့ပါတယ်။

ဒီအိုင်ဒီယာတွေကို အစိုးရအရာရှိတွေဆီ အမေရိကန် စီးပွားရေးလော်ဘီတယောက်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြံပေးဟောင်းတယောက်၊ KIA နဲ့ တဆင့်ခံ ဆွေးနွေးမှုတွေမှာ ပါဝင်သူတွေနဲ့ ပြင်ပကျွမ်းကျင်သူတချို့က အဆိုပြုခဲ့တာလို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ ဒီလိုဆွေးနွေးမှုတွေ ရှိနေတာကို အရင်က သတင်းထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။

မြေရှားဆိုတာ စွမ်းအင်ကို အရွေ့အဖြစ်ပြောင်းလဲပေးတဲ့ သံလိုက်တွေ ပြုလုပ်ရာမှာ အသုံးပြုတဲ့ သတ္တု ၁၇ မျိုးအုပ်စု ဖြစ်ပါတယ်။

လေးလံမြေရှားလို့ ခေါ်တဲ့ အမျိုးအစားကိုတော့ တိုက်လေယာဉ်တွေနဲ့ တခြား စွမ်းဆောင်ရည်မြင့် လက်နက်တွေ တည်ဆောက်ရာမှာ အသုံးပြုပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ လေးလံမြေရှားတွေကို အနည်းငယ်သာ ထုတ်လုပ်နိုင်ပြီး ပြည်ပက တင်သွင်းမှုအပေါ် အဓိက မှီခိုနေရပါတယ်။

ဒီဓာတ်သတ္တုတွေရဲ့ ထောက်ပံ့ရေးကွင်းဆက်ကို လုံခြုံအောင်လုပ်ဖို့က တရုတ်နိုင်ငံနဲ့ မဟာဗျူဟာ ပြိုင်ဆိုင်မှုမှာ ထရမ့်ပ်အစိုးရ အဓိကအာရုံစိုက်နေတဲ့ကိစ္စ ဖြစ်ပါတယ်။

နိုင်ငံတကာစွမ်းအင်အေဂျင်စီရဲ့ အဆိုအရ တရုတ်နိုင်ငံဟာ ကမ္ဘာ့မြေရှားသန့်စင်မှုရဲ့ ၉၀ ရာခိုင်နှုန်း နီးပါးကို ဆောင်ရွက်နေပါတယ်။

စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံမယ်ဆိုရင် ဒါဟာ အမေရိကန်အတွက် အရင်မူဝါဒနဲ့ သိသိသာသာ ကွဲထွက်သွားမယ်လို့ သတင်းမှာ သုံးသပ်ထားပါတယ်။

အမေရိကန်ဟာ စစ်ခေါင်းဆောင်တွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားသလို ရိုဟင်ဂျာလူနည်းစုအပေါ် ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုတွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုအဖြစ် သတ်မှတ်ထားပါတယ်။

ပြီးခဲ့တဲ့အပတ်က ထရမ့်ပ်အစိုးရဟာ စစ်ကောင်စီမဟာမိတ်တချို့အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရုပ်သိမ်းခဲ့ပေမဲ့ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ အမေရိကန်မူဝါဒမှာ ကျယ်ကျယ်ပြန့်ပြန့် ပြောင်းလဲတာ မဟုတ်ဘူးလို့ အမေရိကန်တာဝန်ရှိသူတွေက အတည်ပြုပါတယ်။

အမေရိကန်အစိုးရကို တင်ပြခဲ့တဲ့ အကြံဉာဏ်တွေထဲမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ခြိမ်းခြောက်ထားတဲ့ နိုင်ငံအပေါ် အကောက်ခွန် ၄၀ ရာခိုင်နှုန်း ကောက်ခံမယ့် အစီအစဉ်ကို ဖြေလျှော့ပေးဖို့၊ စစ်ကောင်စီနဲ့ သူ့မဟာမိတ်တွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပြန်ရုပ်သိမ်းဖို့၊ မြန်မာကနေတင်ပို့တဲ့ လေးလံမြေရှားတချို့ကို သန့်စင်ရေး အိန္ဒိယနဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ ပြီးတော့ ဒီလုပ်ငန်းတွေကို အကောင်အထည်ဖော်ဖို့ အထူးသံတမန်တယောက် ခန့်အပ်ဖို့ စတဲ့အချက်တွေ ပါဝင်တယ်လို့ ဒီကိစ္စနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒီအကြံပြုချက်တချို့ကို ဇူလိုင် ၁၇ ရက်က ဒုတိယသမ္မတ ဂျေဒီဗန့်စ်ရဲ့ ရုံးခန်းမှာ ပြုလုပ်တဲ့ အစည်းအဝေးတခုမှာ ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီအစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်ပြီး မြန်မာနိုင်ငံမှာ လုံခြုံရေးကုမ္ပဏီတခု ဖွင့်ထားတဲ့ အဒမ်ကက်စ်တီလိုလည်း ပါဝင်ခဲ့တယ်လို့ ဒုသမ္မတရုံးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

တက်ရောက်သူတွေထဲမှာ ဗန့်စ်ရဲ့ အာရှရေးရာနဲ့ ကုန်သွယ်ရေးဆိုင်ရာ အကြံပေးတွေလည်း ပါဝင်ခဲ့ပါတယ်။ ဒုသမ္မတ ကိုယ်တိုင်တော့ တက်ရောက်ခဲ့ခြင်းမရှိဘူးလို့ အဆိုပါ သတင်းရင်းမြစ်က ဆိုပါတယ်။

အမေရိကန်ဟာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးဖော်ဆောင်သူအဖြစ် ပါဝင်နိုင်ကြောင်းနဲ့ တရုတ်ရဲ့ နည်းလမ်းအတိုင်း မြန်မာစစ်တပ်နဲ့ KIA ကြားမှာ နှစ်ဖက် ကိုယ်ပိုင်အုပ်ချုပ်ခွင့် သဘောတူညီချက်ရအောင် အရင်ဆုံး ကြားဝင်ဖျန်ဖြေပေးဖို့ ဝါရှင်တန်ကို တိုက်တွန်းခဲ့တယ်လို့ ကက်စ်တီလိုက ရိုက်တာကို ပြောပါတယ်။

မြန်မာစစ်ကောင်စီနဲ့ KIA ကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို တုံ့ပြန်ခြင်း မရှိပါဘူး။

ဒုသမ္မတရုံးက ကက်စ်တီလိုရဲ့ အိမ်ဖြူတော်ခရီးစဉ်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပေမဲ့ ဒီအခြေအနေကို သိရှိတဲ့သူတယောက်ကတော့ ထရမ့်ပ်ဟာ ဇန်နဝါရီလမှာ သမ္မတ ဖြစ်လာကတည်းက မြန်မာနိုင်ငံအပေါ် မူဝါဒကို ပြန်လည်သုံးသပ်နေခဲ့ပြီး ကုန်သွယ်ရေးနဲ့ အကောက်ခွန်ကိစ္စတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီနဲ့ တိုက်ရိုက်ဆွေးနွေးဖို့ စဉ်းစားခဲ့တယ်လို့ ဆိုပါတယ်။ အိမ်ဖြူတော်ကတော့ မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

မြန်မာ့မူဝါဒကို ပြန်လည်သုံးသပ်ခြင်း

အိမ်ဖြူတော်ရဲ့ ဆွေးနွေးမှုတွေဟာ စူးစမ်းလေ့လာဆဲ အစောပိုင်းအဆင့်မှာပဲ ရှိသေးတယ်လို့ ဒီကိစ္စနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ထရမ့်ပ်အစိုးရဟာ နိုင်ငံခြားပဋိပက္ခတွေနဲ့ မြန်မာ့ ရှုပ်ထွေးတဲ့ အကျပ်အတည်းမှာ ဝင်ရောက်စွက်ဖက်ဖို့ သတိထားနေတာကြောင့် ဒီဆွေးနွေးမှုတွေဟာ မဟာဗျူဟာပိုင်းမှာ ဘာအပြောင်းအလဲမှ ဖြစ်မလာဘဲ အဆုံးသတ်သွားနိုင်တယ်လို့ ဆိုပါတယ်။

“တာဝန်ရှိသူတွေက ဒီအစည်းအဝေးကို အမေရိကန် စီးပွားရေးအသိုက်အဝန်းကို လေးစားတဲ့အနေနဲ့ရော မြန်မာနိုင်ငံနဲ့ အမေရိကန်ဒေါ်လာ ၅၇၉ သန်း ကုန်သွယ်ရေးလိုငွေပြမှု ဖြေရှင်းဖို့ သမ္မတထရမ့်ပ်ရဲ့ ကြိုးပမ်းမှုတွေကို ထောက်ခံတဲ့အနေနဲ့ပါ လက်ခံတွေ့ဆုံခဲ့တာပါ” လို့ ဇူလိုင် ၁၇ ရက်နေ့ အစည်းအဝေးနဲ့ပတ်သက်ပြီး အစိုးရတာဝန်ရှိသူတယောက်က ပြောပါတယ်။

မြန်မာ့မြေရှားသတ္တုသိုက်တွေဟာ တရုတ်အတွက် “ရွှေဥ ဥတဲ့ငန်း” လို ဖြစ်နေတယ်လို့ ကက်စ်တီလိုက သုံးသပ်ပါတယ်။

အဓိက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ အထူးသဖြင့် KIA ဟာ တရုတ်ရဲ့ ခေါင်းပုံဖြတ်မှုကို ငြီးငွေ့နေပြီဖြစ်ပြီး အမေရိကန်နဲ့ လက်တွဲလုပ်ဆောင်ချင်နေကြတာလို့ အမေရိကန်အရာရှိတွေကို ပြောခဲ့ကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဋ္ဌဟောင်းက ဆိုပါတယ်။

မြန်မာနိုင်ငံ ကချင်ပြည်နယ်က သတ္တုတွင်းတွေဟာ တရုတ်နိုင်ငံကို တင်ပို့ပြီး သန့်စင်ရတဲ့ လေးလံမြေရှားတွေရဲ့ အဓိကထုတ်လုပ်ရာနေရာတွေ ဖြစ်ပါတယ်။ KIA နဲ့ သဘောတူညီချက်ရယူဖို့ အမေရိကန်တာဝန်ရှိသူတွေကို ထပ်တလဲလဲ တိုက်တွန်းခဲ့တယ်လို့ ကက်စတီလိုက ပြောပါတယ်။

အဲဒီသဘောတူညီချက်ထဲမှာ Quad အဖွဲ့ဝင် အမေရိကန်မိတ်ဖက်တွေ၊ အထူးသဖြင့် အိန္ဒိယနဲ့ ပူးပေါင်းပြီး သတ္တုသန့်စင်ရေးနဲ့ နောက်ဆုံးမှာ အမေရိကန်ကို လေးလံမြေရှားတွေ ထောက်ပံ့ရေးတို့ ပါဝင်ပါတယ်။ Quad လို့ခေါ်တဲ့ လေးပွင့်ဆိုင်အဖွဲ့မှာ အမေရိကန်၊ အိန္ဒိယ၊ ဩစတြေးလျနဲ့ ဂျပန်တို့ ပါဝင်ပါတယ်။

အိန္ဒိယ သတ္တုတွင်းဝန်ကြီးဌာနကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုတဲ့ အီးမေးလ်ကို မတုံ့ပြန်ပါဘူး။

အမည်မဖော်လိုတဲ့ အိန္ဒိယအစိုးရအရာရှိတယောက်ကတော့ ထရမ့်ပ်အစိုးရက အိန္ဒိယကို အဲဒီလိုအစီအစဉ်မျိုး အကြောင်းကြားခဲ့သလားဆိုတာ မသိရှိကြောင်း၊ ဒါပေမဲ့ ဒီလိုလုပ်ဆောင်မှုမျိုးဟာ မြေရှားသန့်စင်ဖို့ အခြေခံအဆောက်အအုံတွေ တည်ဆောက်ရမှာဖြစ်လို့ အကောင်အထည်ပေါ်လာဖို့ နှစ်ပေါင်းများစွာ ကြာမြင့်နိုင်တယ်လို့ သုံးသပ်ခဲ့ပါတယ်။

အိမ်ဖြူတော်ကို တင်ပြခဲ့တဲ့ နောက်ထပ်အဆိုပြုချက်တခုကတော့ ထရမ့်ပ်က သမ္မတဟောင်း ဂျိုးဘိုင်ဒင်ဆီကနေ ဆက်ခံခဲ့တဲ့ မြန်မာ့မူဝါဒနဲ့ ပိုပြီးကိုက်ညီပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အစိုးရရဲ့ အကြံပေးပုဂ္ဂိုလ် ဖြစ်ခဲ့သူ၊ ဩစတြေးလျ စီးပွားရေးပညာရှင် ရှောင်တာနဲလ်က သူ့ရဲ့ မြေရှားအဆိုပြုချက်ဟာ ထရမ့်ပ်အစိုးရကို မြန်မာ့ဒီမိုကရေစီအင်အားစုတွေကို ဆက်လက်ထောက်ပံ့ဖို့ အားပေးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီနှစ်အစောပိုင်း ဝါရှင်တန်ခရီးစဉ်မှာ ရှောင်တာနဲလ်က နိုင်ငံခြားရေးဝန်ကြီးဌာန၊ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီနဲ့ ကွန်ဂရက်က အရာရှိတွေနဲ့ တွေ့ဆုံခဲ့ပြီး တိုင်းပြည်ရဲ့ အတိုက်အခံတွေကို ဆက်လက်ထောက်ပံ့ဖို့ တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။

“တင်ပြချက်တွေထဲက တခုကတော့ အမေရိကန်ဟာ KIA ကနေတဆင့် မြေရှားတွေကို ရယူနိုင်တယ် ဆိုတာပါပဲ” လို့ သူက ပြောပြီး KIA အဖွဲ့က တရုတ်အပေါ် မှီခိုနေရတာကနေ လမ်းခွဲထွက်ချင်နေတယ်လို့ ထပ်လောင်းပြောပါတယ်။

လတ်တလော လပိုင်းအတွင်းမှာ ကြားခံလူတွေကနေတဆင့် အမေရိကန်အရာရှိတွေနဲ့ KIA  အကြား အကြိမ်ပေါင်းများစွာ ဆွေးနွေးခဲ့တယ်လို့ ဒီဆွေးနွေးမှုတွေအကြောင်း သိရှိတဲ့သူတယောက်က ပြောပါတယ်။ ဒီဆွေးနွေးမှုတွေကို အရင်က သတင်းထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။

အတားအဆီးများ

အာဏာသိမ်းပြီး နောက်ပိုင်းနှစ်တွေမှာ မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်ကြောင့် ပျက်စီးခဲ့ရပြီး စစ်ကောင်စီနဲ့ မဟာမိတ်တွေဟာ မြေရှားတူးဖော်ရေးဇုန် အပါအဝင် နိုင်ငံရဲ့ နယ်စပ်ဒေသ အများအပြားကနေ ဆုတ်ခွာပေးခဲ့ရပါတယ်။ အခုအခါမှာတော့ အဲဒီဒေသတွေဟာ KIA ရဲ့ ထိန်းချုပ်မှုအောက်မှာ ရောက်နေပါတယ်။

မြေရှားလုပ်ငန်းနယ်ပယ်က သတင်းရင်းမြစ်တယောက်ကတော့ လွန်ခဲ့တဲ့ သုံးလလောက်က ကချင်တွေက ချီဖွေ-ပန်ဝါ သတ္တုတွင်းဇုန်ကို သိမ်းပိုက်ပြီးနောက်မှာ အမေရိကန်အရာရှိတွေက ကချင်မြေရှားတူးဖော်ရေးလုပ်ငန်းရဲ့ အခြေအနေ ခြုံငုံသုံးသပ်ချက် တောင်းဖို့ ဆက်သွယ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီပုဂ္ဂိုလ်က ဆက်ပြောရာမှာ မြေရှားတွေကို ဝေးလံပြီး တောင်ထူထပ်တဲ့ ကချင်ပြည်နယ်ကနေ အိန္ဒိယကို သယ်ထုတ်ပြီး ရှေ့ဆက်သွားရမယ့် မြေရှားထောက်ပံ့ရေး ကွင်းဆက်အသစ်ကြီးတခုဟာ လက်တွေ့မှာ ဖြစ်နိုင်ခြေမရှိဘူးလို့ ဆိုပါတယ်။

ကချင်ပြည်နယ်ဆိုင်ရာ ထိပ်တန်းကျွမ်းကျင်သူ၊ ဆွီဒင်စာရေးဆရာ ဘာတေးလ် လင့်တနာ ကတော့ ခက်ခဲကြမ်းတမ်းတဲ့ တောင်တန်းမြေပြင်အနေအထားနဲ့ ရှေးကျတဲ့ ထောက်ပံ့ပို့ဆောင်ရေး အခြေအနေတွေကြောင့် အမေရိကန်က တရုတ်မျက်စိရှေ့တည့်တည့်ကနေ မြန်မာ့မြေရှားတွေကို ရယူမယ်ဆိုတာဟာ “လုံးဝရူးနှမ်းတဲ့အကြံ” လို့ ထင်ရကြောင်း ပြောပါတယ်။

“တရုတ်နယ်စပ်မှာရှိနေတဲ့ ဒီသတ္တုတွင်းတွေကနေ မြေရှားတွေကို အိန္ဒိယကို သယ်ချင်တယ်ဆိုရင် လမ်းက တလမ်းပဲရှိတယ်” လို့ လင့်တနာက ပြောပါတယ်။ “ပြီးတော့ တရုတ်တွေက သေချာပေါက် ဝင်တားမှာပဲ။”

စစ်ကောင်စီဘက်ကတော့ နှစ်ပေါင်းများစွာ အထီးကျန်ဖြစ်နေပြီးနောက် ဝါရှင်တန်နဲ့ ထိတွေ့ဆက်ဆံဖို့ စိတ်အားထက်သန်နေပုံ ရပါတယ်။

ထရမ့်ပ်က ဒီလထဲမှာ မြန်မာကနေ အမေရိကန်ကို တင်ပို့တဲ့ ကုန်ပစ္စည်းတွေအပေါ် စည်းကြပ်ခွန်အသစ်တွေ စည်းကြပ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ အဲဒီစာဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဆီကို ပုဂ္ဂိုလ်ရေးအရ လိပ်မူထားခဲ့တာ ဖြစ်ပါတယ်။

မင်းအောင်လှိုင်ကတော့ ထရမ့်ပ်ရဲ့ “ခေါင်းဆောင်မှု အားကောင်းမှု” အတွက် ချီးကျူးထောပနာပြုပြီး တုံ့ပြန်ခဲ့သလို အခွန်နှုန်းထားတွေ လျှော့ချပေးဖို့နဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။ လိုအပ်လာရင် ဝါရှင်တန်ကို ညှိနှိုင်းရေးအဖွဲ့တဖွဲ့ စေလွှတ်ဖို့ အသင့်ရှိတယ်လို့လည်း မင်းအောင်လှိုင်က ကမ်းလှမ်းထားပါတယ်။

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024