ပဲခူးတိုင်း၊ တောင်ငူမြို့နယ်မှာ မိုးအဆက်မပြတ်ရွာသွန်းပြီး ချောင်းရေတက်လာတာကြောင့် မြတ်စောညီနောင်ဘုရားဘက်သွားတဲ့ ရွှေစျေးလမ်းပေါ်က ဒိုးသောင်တံတား ကျိုးကျ ပျက်စီးသွားတယ်လို့ ခရီးသွားပြည်သူတွေဆီက သိရပါတယ်။
ဇူလိုင် ၂၇ ရက်တည်းက မိုးအဆက်မပြတ်ရွာသွန်းနေပြီး ချောင်းရေကြီးကာ တံတားအနီးက မြေသားနဲ့ ကားလမ်းပိုင်းတချို့ နိမ့်ဝင်သွားပြီး တံတားပျိုကျပျက်စီးခဲ့တာလို့ ဆိုပါတယ်။
ရေဘေးကယ်ဆယ်ရေးလုပ်နေတဲ့ လူမှုရေး ပရဟိတအဖွဲ့ဝင်တယောက်က “မိုးကလည်း တောက်လျှောက်ရွာနေတယ်။ ကားလမ်းကတော့ လောလောဆယ် အသုံးပြုလို့ မရတော့ဘူး။ ရေဘေးကယ်ဆယ်ရေးကို အဓိကဦးစားပေး လုပ်နေရတယ်” လို့ ပြောပါတယ်။
မနက်က စစ်တောင်းမြစ် စိုးရိမ်ရေအမှတ် ၆၀၀ စင်တီမီတာအထိ ရှိနေပြီး လက်ရှိရေအမှတ် ၆၆၆ စင်တီမီတာထိ ရှိလာတယ်၊ မနှစ်က စံချိန်တင်ရေကြီးမှု ၈၁၉ စင်တီမီတာ၊ မနှစ်က ရေ Level မီဖို့ ၅ ပေခန့်တော့ လိုသေးတယ်၊ ဒီအတိုင်း မိုးက အဆက်မပြတ်ရွာနေရင်တော့ စိုးရိမ်စရာတွေ ဖြစ်လာနိုင်လိမ့်မယ်လို့ ဆိုပါတယ်။
တောင်ငူမြို့နယ်ထဲက မြေအနိမ့်ပိုင်းရပ်ကွက်တွေနဲ့ ကျေးရွာတချို့မှာလည်း ရေကြီးနစ်မြုပ်မှုတွေ ရှိနေပြီး ဇူလိုင် ၂၈ ရက်မှာတော့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသနဲ့ အောက်ပိုင်းဒေသတွေမှာ ရေကြီးရေလျှံမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတယ်လို့ ရေဘေးကူညီကယ်ဆယ်ရေး လုပ်ပေးနေသူတွေဆီက သိရပါတယ်။