Home
မြန်မာသတင်း
တောင်ငူတွင် စစ်တပ် မီးရှို့သဖြင့် နေအိမ် ၇၀၀ ကျော်ပျက်စီး၊ ဒေသခံထောင်ချီ ထွက်ပြေးနေရ
DVB
·
May 26, 2025
Photo: ကိုထွန်းထွန်း

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ မေ ၂၂ ရက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာနဲ့ မြေပြင်စစ်ကြောင်းက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးလို့ တရွာတည်းက လူနေအိမ် ၇၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရသလို ထောင်ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အထိနာနေတာကြောင့် စပါးကြွယ်ရွာက နေအိမ် ၇၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တာလို့ တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။ 

“တိုက်ပွဲအတွင်းမှာ သူတို့ မြေပြင်စစ်ကြောင်းက အထိနာတယ်။ ဒီဘက်က စနိုက်ပါတွေနဲ့ တီးတာဆိုတော့ စနိုက်ပါလက်ချက်နဲ့ကို ၂၀ နီးပါး သေတယ်။ မြေပြင်မှာ ကြားဖြတ်တိုက်ခိုက်တာတွေ မပါသေးဘူး။ အဲဒါကြောင့် သူတို့ဘက်က အထိနာလို့ တိုက်ပွဲဖြစ်နေတဲ့ စပါးကြွယ်ရွာကို မီးရှို့ဖျက်ဆီးကြတာ။ လူနေအိမ် ၄ ပုံ ၃ ပုံလောက် မီးလောင် ပျက်စီးကုန်တယ်။ စာသင်ကျောင်းလည်း အရှို့ခံရလို့ ပျက်စီးတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အိမ်ခြေ ၁၀၀၀ နီးပါးရှိတဲ့ အဆိုပါ စပါးကြွယ်ကျေးရွာထဲကို မေ ၂၃ ရက် မနက် ၆ နာရီဝန်းကျင်မှာ စီးနင်းဝင်ရောက်လာကြပြီး ပြည်သူပိုင်ပစ္စည်းတွေကို အဓမ္မခိုးယူသယ်ဆောင်ကာ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားကြလို့ လူနေအိမ် ၇၀၀ ကျော် မီးလောင်ပျက်စီးခဲ့တာလို့ ဆိုပါတယ်။

မေ ၂၅ ရက်အထိ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေသလို စစ်ကောင်စီတပ်ဘက်က ကျေးရွာတွေအတွင်း ဝင်ရောက်တပ်စွဲ ဖျက်ဆီးတာအပြင် လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ပဲခူးတိုင်း စစ်ရေးတာဝန်ခံက DVB ကို ပြောပါတယ်။

“အဲဒီ စပါးကြွယ်ရွာက တောင်ငူမြို့အနောက်ဘက်၊ အမြန်လမ်း မိုင်တိုင် ၁၄၇ နားမှာရှိတယ်။ တိုက်ပွဲတွေ ပြင်းထန်နေတာလည်း ဟုတ်တယ်။ ပြောချင်တာကဗျာ၊ တိုက်ပွဲတွေကြောင့် ပြည်သူပိုင်ပစ္စည်းတွေ ပျက်စီးတာ မဟုတ်ဘူး။ စစ်‌ေ-းတွေရဲ့ လက်ချက်ကြောင့် ပျက်စီးတယ် ဆိုတာ ပြည်သူတွေနဲ့ နိုင်ငံတကာက သိစေချင်တာ။”  

စစ်ကောင်စီတပ်ဘက်က လေကြောင်းပစ်ကူတွေ အလွန်အကျွံ အသုံးပြု တိုက်ခိုက်နေတာကြောင့် စပါးကြွယ်ကျေးရွာ အပါအဝင် ကြက်ရိုးပင်၊ ငုံးမင်း၊ တောပု၊ ဇီးပင်သာကျေးရွာတွေက ထောင်ချီတဲ့ဒေသခံတွေဟာ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ပွဲတွေနဲ့ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကတော့ သတင်းတစုံတရာ ထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013