
တရုတ်ဝန်ကြီးချုပ် လီချန်က ဉာဏ်ရည်တု AI ဖွံ့ဖြိုးတိုးတက်မှုနဲ့ အသုံးပြုမှုအတွက် လမ်းညွှန်ဖို့ ကျယ်ကျယ်ပြန့်ပြန့် သဘောတူတဲ့ ကမ္ဘာလုံးဆိုင်ရာ မူဘောင်နဲ့ စည်းမျဉ်းတွေကို အမြန်ဆုံးဖွဲ့စည်းဖို့ ဇူလိုင် ၂၆ ရက်မှာ တောင်းဆိုခဲ့ပါတယ်။
နိုင်ငံတကာအသိုက်အဝန်းက ဉာဏ်ရည်တု (AI) ကို ပူးတွဲအုပ်ချုပ်ရေး ပိုပြီး အလေးပေးသင့်တယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံဟာ ကမ္ဘာလုံးဆိုင်ရာ AI အုပ်ချုပ်ရေးကို အထူးအလေးပေးပြီး ဘက်ပေါင်းစုံနဲ့ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးကို တက်တက်ကြွကြွ မြှင့်တင်နေတယ်လို့လည်း လီချန်က ပြောပါတယ်။
ဒီအတွက် တရုတ်ရဲ့ ဖြေရှင်းချက်တွေကို ကမ်းလှမ်းချင်တယ်လို့ လီက ရှန်ဟိုင်းမြို့မှာ ကျင်းပတဲ့ ၂၀၂၅ ခုနှစ် ကမ္ဘာ့ AI ညီလာခံဖွင့်ပွဲနဲ့ ကမ္ဘာလုံးဆိုင်ရာ AI အုပ်ချုပ်မှုဆိုင်ရာ အဆင့်မြင့်အစည်းအဝေးဖွင့်ပွဲ အခမ်းအနားမှာ ပြောခဲ့ပါတယ်။
တရုတ်အစိုးရက ကမ္ဘာလုံးဆိုင်ရာ AI ပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်းကို ဖန်တီးဖို့ အဆိုပြုခဲ့တယ်လို့လည်း လီက ပြောပါတယ်။
ဘာသာစကားမော်ဒယ်တွေ၊ ဘက်စုံသုံး မော်ဒယ်တွေ၊ AI နဲ့ အသွင်သဏ္ဌာန် တူတဲ့ နယ်ပယ်တွေမှာ အရှိန်အဟုန်နဲ့ တိုးတက်အောင် လုပ်ဆောင်နေပြီး ပိုထိရောက်ရေးနဲ့ ဉာဏ်ရည် မြင့်မားရေးဆီ ရောက်အောင် AI ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးနေတယ်လို့ ဆိုပါတယ်။
AI ဟာ အမျိုးမျိုးသော စက်မှုလုပ်ငန်းတွေကို အားကောင်းစေပြီး စီးပွားရေးတိုးတက်မှုအတွက် တွန်းအားအသစ်တရပ်အဖြစ် ပေါ်ထွက်လာတဲ့အပြင် မိသားစုသုံးအဖြစ်ပါ ဝင်ရောက်လာတာကို အသိအမှတ်ပြုရင်း AI ရဲ့ စိန်ခေါ်မှုတွေက ကျယ်ကျယ်ပြန့်ပြန့် စိုးရိမ်စရာ ဖြစ်လာတယ်လို့ လီက ပြောပါတယ်။
ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လုံခြုံရေးတို့အကြား မျှတအောင် ဘယ်လို ဆောင်ရွက်ရမလဲဆိုတာကို ထပ်ပြီး သဘောတူညီချက်ရဖို့ အရေးတကြီး လိုအပ်တယ်လို့ တရုတ်ဝန်ကြီးချုပ်က ပြောပါတယ်။
နည်းပညာတွေ ဘယ်လိုပြောင်းပြောင်း လူသားတွေက အသုံးချ ထိန်းချုပ်ရမယ့် ကိရိယာအဖြစ် ရှိနေရမယ်လို့ လီက ပြောပါတယ်။
AI ဟာ လူသားတွေကို အကျိုးပြုတဲ့ နိုင်ငံတကာ အကျိုးပြု လုပ်ငန်းတခု ဖြစ်လာသင့်တယ်လို့ ဆိုပါတယ်။
Source: Reuters