
ပီရူးအာဏာပိုင်တွေဟာ တရားမဝင်ရွှေတူးဖော်မှုမှာ အသုံးပြုဖို့လို့ ယူဆရတဲ့ ပြဒါး မက်ထရစ်တန် ၄ တန် လောက်ကို ဇူလိုင် ၂၄ ရက်က သိမ်းဆည်းရမိပါတယ်။
ပီရူးရဲ့ အကောက်ခွန်အေဂျင်စီ (SUNAT)ရဲ့ အကောက်ခွန်ထိန်းချုပ်မှုဆိုင်ရာ အမျိုးသားကြီးကြပ်ရေးမှူး ဟော်ရ်ဟဲဂါယိုက “မက္ကဆီကိုကနေ ဘိုလီးဗီးယားကို ဦးတည်လာတဲ့ ကုန်ပစ္စည်းတင်ပို့မှုတခုမှာ သူတို့ကြေညာထားတဲ့အတိုင်း အဲဒီကုန်ပစ္စည်းက ဟုတ်မနေတာ၊ ဒါမှမဟုတ် နိုင်ငံအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ ပစ္စည်းတမျိုးမျိုးကို ထည့်သွင်းထားတာ ဖြစ်နိုင်တယ်လို့ ညွှန်ပြနေတဲ့ သံသယဖြစ်စရာ အချက်အလက်အများအပြားကို တွေ့ခဲ့ရတာပါ” လို့ပြောပါတယ်။
ဒါဟာ အဖိုးတန်သတ္တု ဝယ်လိုအား မြင့်မားလာမှုကို ဖြည့်ဆည်းဖို့ မှောင်ခိုဈေးကွက် လှုပ်ရှားမှု မြင့်တက်လာခြင်းရဲ့ နောက်ဆုံးလက္ခဏာလည်း ဖြစ်ပါတယ်။
ပြဒါးကို ကျောက်ခဲ အကြေထုတ်တွေအဖြစ် ဖော်ပြထားပေမဲ့ ခွဲခြမ်းစိတ်ဖြာချက်အရ ပစ္စည်းဟာ ပြဒါးနဲ့ ရောစပ်ထားတာ ဖြစ်ကြောင်း ဖော်ပြနေတယ်လို့ ပီရူး အကောက်ခွန်အေဂျင်စီ SUNAT က ပြောထားပါတယ်။
ပီရူးမှာ ပြဒါးကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် တင်းကျပ်စွာ ထိန်းချုပ်ထားရတဲ့ အဆိပ်အတောက်ရှိ သတ္တုတခု လို့ သတ်မှတ်ထားတာပါ။
ပြဒါးပါတဲ့ ကျောက်တုံးတွေ စုစုပေါင်း ၂၀ တန်လောက်ကို ရှာတွေ့ခဲ့တာဟာ SUNAT အတွက် တရားမဝင်သတ္တုတူးဖော်မှုကို တိုက်ဖျက်ရာမှာ အရေးကြီးဆုံး အောင်မြင်မှုကြီးတွေထဲက တခုဖြစ်တယ်လို့ SUNAT အဖွဲ့ရဲ့ အမျိုးသားကြီးကြပ်ရေးမှူး ဟော်ရ်ဟဲ ဂါယိုက ပြောပါတယ်။
တရားမဝင်ရွှေတူးဖော်မှု ပျံ့နှံ့နေတဲ့ တောင်အမေရိကတိုက် အမေဇုန်ဒေသမှာ အခုဖမ်းမိမှုမှာ အကြီးမားဆုံး ဖြစ်ဟန်တူကြောင်း အရင်ဖမ်းဆီးရမိမှုတွေအပေါ် ဝါရှင်တန်အခြေစိုက် သဘာဝပတ်ဝန်းကျင် စုံစမ်းစစ်ဆေးရေး အေဂျင်စီ (EIA) ကပြန်လည်သုံးသပ်မှုအရ သိရပါတယ်။
EIA အဆိုအရ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း အခုချိန်အထိ ဒေသတွင်းမှာ အရင်သိရှိထားတဲ့ အကြီးမားဆုံး တင်ပို့မှုဟာအခုတင်ပို့မှု ပမာဏရဲ့ ထက်ဝက်လောက်ပဲ ရှိခဲ့တာဖြစ်ပါတယ်။
Source:Reuters