
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့မှာ စစ်ကောင်စီက လေကြောင်းနဲ့တိုက်ခိုက်ပြီး စစ်သင်္ဘောပေါ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အရပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇူလိုင် ၂၄ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတာကြောင့် နေအိမ်တလုံးပေါ်ကျရောက်ပေါက်ကွဲခဲ့လို့ နေအိမ်အတွင်းက လင်မယားနှစ်ယောက်မှာ အမျိုးသားသေဆုံးပြီး အမျိုးသမီးဖြစ်သူက ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
တိုက်လေယာဉ်နဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်တာဖြစ်ပြီး ပွိုင့်ဖိုက်စက်သေနတ်နဲ့လည်း ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီနေ့ညဘက်မှာလည်း စစ်ကောင်စီရဲ့ စစ်သင်္ဘောတွေကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ပလမြို့ခံ အမျိုးသမီး ၁ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အမည်မဖော်လိုတဲ့ ပလမြို့ခံတယောက်က “အခုတော့ ပလမြို့မှာ တချို့ကစစ်ရှောင်နေကြပြီ။ တချို့က နေနေကြသေးတယ်။ အနီးအနားမှာရှိတဲ့ မင်းပြင်၊ ဘိုင်းပြင်နဲ့ ဇရပ်ဆိပ်ရွာတွေလည်း စစ်ရှောင်နေကြပြီ” လို့ ပြောပါတယ်။
ဇူလိုင် ၂၅ ရက်နေ့မှာလည်း စစ်ကောင်စီဘက်က လေကြောင်းကနေတိုက်ခိုက်နေပြီး မြေပြင်မှာလည်း ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ PDF မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းဆီက သိရပါတယ်။
PDF မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းမှ ပြန်ကြားရေးတာဝန်ခံက “မနေ့ကဖြစ်စဉ်ထက် အခုထိလည်း လေကြောင်း တိုက်ခိုက်မှု ရှိနေဆဲပါ။ မြေပြင်မှာလည်း ထိတွေ့ပစ်ခတ်မှု ဖြစ်နေဆဲ အခြေအနေပါ”လို့ ဆိုပါတယ်။
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က စစ်ရေးအရှိန်မြှင့်ဖို့အတွက် စစ်ကောင်စီတပ်စခန်းနဲ့ ဂိတ်အနီးအနားက ပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိဖို့ PDF မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းက ဇူလိုင် ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။