Home
မြန်မာသတင်း
ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်၊ အမျိုးသား ၁ ဦး ဒဏ်ရာရ
DVB
·
July 12, 2025

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်ကောင်စီရဲ့ စစ်တွေအခြေစိုက် တပ်ရင်းက ဇွန် ၁၀ ရက် ညနေပိုင်းမှာ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာသား ၁ ယောက် ထိခိုက် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တွေမြို့အခြေစိုက် စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း စအရ ၉၀၈ တပ်ရင်းက ဇွန် ၁၀ ရက်နေ့ ညနေပိုင်းမှာ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အိုင်ဒင်ကျေးရွာမှာ တလုံးကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ပုဏ္ဏားကျွန်း ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။

“ပုဏ္ဏားကျွန်းဘက်မှာ ပစ်ခတ်မှုတွေမရှိကြတာ လနဲ့ချီရှိနေကြပြီ။ မနေ့က ညနေပိုင်းမှာ စစ်ကောင်စီက စပြီး လက်နက်ကြီးပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တာရှိတယ်။ အဲဒီမှာ အိုင်ဒင်ကျေးရွာက ညောင်ပင်းဝိုင်းအပိုင်းမှာ တလုံးကျပြီးတော့ အမျိုးသားတဦး ပေါင်မှာ ထိခိုက်ဒဏ်ရာရရှိသွားတယ်။ သူကတော့ အခု ဆေးကုသမှု ခံယူနေရတယ်။ ပစ်ခတ်တာကတော့ စစ်တွေအခြေစိုက် စအရ ၉၀၈ တပ်ရင်းက ပစ်ခတ်တာလို့ သိရတယ်”

ထိခိုက်ဒဏ်ရာရရှိသွားသူဟာ အိုင်ဒင်ကျေးရွာက အသက် ၅၆ နှစ်အရွယ် ဦးကျော်လှမောင် လို့ သိရပါတယ်။

လက်ရှိမှာ စစ်တွေနဲ့ ပုဏ္ဏားမြို့နယ်အစပ်မှာရှိတဲ့ကျေးရွာတွေက သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်းတိုက်တာတွေ မကြာခဏ ပြုလုပ်လေ့ရှိတာကြောင့် ဘေးလွတ်ရာဒေသတွေကိုတိမ်းရှောင်နေကြရပြီး အမျိုးသားတွေပဲ အိမ်စောင့်အဖြစ် ကျန်ရှိနေကြတာလို့ သိရပါတယ်။

စစ်တွေမြို့နယ်အတွင်းမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA တို့အကြား ၂၀၂၅ ခုနှစ် အစောပိုင်းလတွေမှာ နှစ်ဖက်စစ်ရေးတင်းမာခဲ့ပြီး စစ်ကိုင်းငလျင်လှုပ်ခတ်ပြီးကတည်းက အပစ်ရပ်စဲတယ်လို့ နှစ်ဖက်လုံးကကြေညာပြီး ပစ်ခတ်တာတွေရပ်တန့်နေကြတာလို့ ဒေသခံတွေက ပြောကြပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်ကို အာရက္ခတပ်တော်က ၂၀၂၄ ခုနှစ် မတ်လမှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး စစ်တွေမြိုနယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်မှာ စစ်ကောင်စီနဲ့ AA တို့ နှစ်ဖက်စစ်ဆိုင်ထားကြတာဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013