
အန်ဂါရာလေကြောင်း Am-24 နဲ့ လိုက်ပါလာသူ ၄၉ ယောက်စလုံး ရုရှားနိုင်ငံ အရှေ့ဖျားရှိ အားရ်မူးဒေသမှာ သေဆုံးသွားကြောင်း ရုရှားအာဏာပိုင်တွေက အတည်ပြုခဲ့ပြီး လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုတွေ စတင်ပြုလုပ်ခဲ့ပါတယ်။
ရုရှားဝန်ကြီးချုပ် မစ်ခေးလ်မစ်ရှော့စ်တင်က သဘာဝဘေး အန္တရာယ်ကို စုံစမ်းစစ်ဆေးဖို့ သယ်ယူပို့ဆောင်ရေးဝန်ကြီး ဗစ်တာလီ ဆေဗလ်ယဗ် ဦးဆောင်တဲ့ အစိုးရ ကော်မရှင်တရပ်ကို ဖွဲ့စည်းခဲ့ပါတယ်။
ပြည်နယ်တွင်း လေကြောင်းကော်မတီဟာ ဆိုဗီယက်ခေတ် လေယာဉ်ရဲ့ နောက်ဆုံးအချိန်တွေကို အပြည့်အဝ စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ပါတယ်။ အားရ်မူးဒေသမှာ ဝမ်းနည်းခြင်းကာလ ၃ ရက်ကို ကြေညာခဲ့ပါတယ်။
ခရီးသည်တွေထဲမှာ တရုတ်နိုင်ငံသားလည်း ပါသွားကြောင်း ခါဘာရော့ဗ်စ်ခ် မြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်က ပြောပါတယ်။ ကောင်စစ်ဝန်ရုံးဟာ ဇူလိုင် ၂၅ ရက်မှာ လေယာဉ်ပျက်ကျရာနေရာကို အလုပ်အဖွဲ့တဖွဲ့စေလွှတ်ပေးမှာဖြစ်ပြီး နောက်ဆက်တွဲ လုပ်ဆောင်မှုတွေကို ကူညီဆောင်ရွက်ပေးမယ်လို့ ဆိုပါတယ်။
ခါဘာရော့ဗ်စ်ခ်ကနေ ဘလာဂေါ့ဗ်ရှ် ချန့်စ်ခ်ကိုဖြတ်ပြီး တင်းန်ဒါကို ပျံသန်းသွားတဲ့ တာဘိုပရော့ပ် လေယာဉ် မှာ ခရီးသည် ၄၃ ယောက်နဲ့ အမှုထမ်း ၆ ယောက် တင်ဆောင်လာတာဖြစ်ပြီး တင်းန်ဒါ လေဆိပ်ကို ချဉ်းကပ်လာချိန်မှာ ပျက်ကျသွားခဲ့တာပါ။
လေယာဉ်ဟာ အန္တရာယ် သတိပေးတဲ့ အချက်ပြမှု တစုံတရာမပေးပို့ဘဲ သူ့ရဲ့ ဦးတည်ရာလမ်းကြောင်းကနေ ကီလိုမီတာများစွာ အကွာအဝေးမှာ ရေဒါကနေ ပျောက်ကွယ်သွားခဲ့ပါတယ်။
လေယာဉ်ဟာ တင်းန်ဒါ လေဆိပ်အနီးရှိ ထိန်းချုပ်ရေးဂိတ်တခုမှာ လေကြောင်းထိန်းချုပ်ရေးဌာနတွေနဲ့ ဆက်သွယ်လာဖို့ မျှော်လင့်ထားပေမဲ့ ဝင်ရောက်လာကြောင်း အဆက်အသွယ်မလုပ်ခဲ့ပါဘူး။
နောက်ပိုင်းမှာတော့ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး Mi-8 ရဟတ်ယာဉ်တစင်းဟာ တင်းန်ဒါ လေဆိပ်မှ ၁၅ ကီလိုမီတာအကွာလောက်ရှိ တောထူထပ်တဲ့ တောင်တန်းမြေပြင်မှာ မီးလောင်ထားတဲ့ လေယာဉ် အပျက်အစီးတွေ ပြန့်ကျဲနေတာကို တွေ့ရှိခဲ့ပါတယ်။
ပဏာမစုံစမ်းမှုတွေအရ လေယာဉ်ဆင်းသက်ချိန်အတွင်း မြင်နိုင်မှု အားနည်းခြင်းနဲ့ လေယာဉ်မှူးရဲ့ အမှားဖြစ်နိုင်ခြင်းတို့က မတော်တဆမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းထဲမှာ ပါဝင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
ဒေသခံမီဒီယာတွေမှာတော့ အမြင့်ပေ မီတာ ၃၀၀ လောက်မှာ မိုးတိမ်တောင်တွေ နိမ့်ကျနေတယ်လို့ ဖော်ပြထားပြီး နည်းပညာပိုင်းအရဆိုရင် ပျံသန်းမှုအနိမ့်ဆုံး ပမာဏထက် ကျော်လွန်တယ် ဆိုပေမယ့်တင်းန်ဒါ မြို့တဝိုက်ရှိ အမြင့်ပေ မီတာ ၁၅၀၀ လောက်ရှိတဲ့ တောင်ထိပ်ပိုင်းတွေဟာ လေယာဉ်မှူးအနေနဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချလို့ မရတော့ဘဲ မတော်တဆမှုတခုကို ဖြစ်စေနိုင်လောက်တဲ့ အခြေအနေမျိုး ရှိခဲ့တာလို့လည်း ဆိုပါတယ်။
Source:Reuters