ထိုင်းနိုင်ငံ ကမ္ဘောဒီးယားနယ်စပ်၊ ဘူရီလန်းခရိုင်၊ မူအန်းဘူရီလန်းမြို့နယ်မှာရှိတဲ့ အားကစားကွင်း ထဲမှာ စစ်ဘေးရှောင်နေကြတဲ့ ဒေသခံပြည်သူတွေကို ထိုင်းဘုရင့်တပ်မတော်က အကူအညီတွေ ပေးနေပါတယ်။
ထိုင်း- ကမ္ဘောဒီးယားနယ်စပ်နယ်စပ်မှာ ဇူလိုင် ၂၄ ရက်က နှစ်နိုင်ငံတပ်တွေ အပြန်အလှန်ပစ်ခတ် တိုက်ခိုက်ကြလို့ ဒေသခံတွေ သောင်းနဲ့ချီတဲ့ စစ်ဘေးရှောင်နေကြရတာဖြစ်ပါတယ်။
စစ်ဘေးရှောင်တွေအတွက် ထိုင်းစစ်တပ်က ကျန်းမာရေးစောင့်ရှောက်မှုပေးတာ၊ တပ်မတော်သံစုံတေးဂီတအဖွဲ့တွေက ဖျော်ဖြေပေးတာ၊ တော်ဝင်မီးဖိုချောင်အဖွဲ့က ချက်ပြုတ်ကျွေးမွေးတာ စတဲ့အနီးကပ်စောင့်ရှောက် ကူညီထောက်ပံ ပေးနေတယ်လို့ ထိုင်းအာဏာပိုင်တွေနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာ အမှတ် (၂၆) စစ်ဒေသမှူး၊ တပ်မမှူး ဗိုလ်မှူးချုပ် ဆန်ထတ်ကျန်မာလာ ကိုယ်တိုင်ဦးစီးတဲ့အဖွဲ့က စစ်ဘေးရှောင်တွေထံ သွားရောက်တွေ့ဆုံ အားပေးစကားတွေ ပြောကြားခဲ့တဲ့အပြင် စားသောက်ဖွယ်ရာတွေနဲ့ ထောက်ပံ့ကူညီလှူဒါးန်ခဲ့ကာ စိတ်ဓာတ်မြှင့်တင်ပေးနေတယ်လို့ ဆိုပါတယ်။
မြန်မာစစ်ဘေးရှောင်တယောက်က "အရမ်းအားကျဖို့ ကောင်းတယ်။ ထိုင်းလူမျိုးတွေ အရမ်း ကံကောင်းတယ်။ လူစိတ်ရှိတဲ့ အစိုးရတရပ်ရဲ့ လက်အောက်မှာ လူဖြစ်ခွင့်ရကြတာ တိုက်ပွဲ စဖြစ်ရုံရှိသေးတယ် လူကြီးတွေ ကိုယ်တိုင်ကွင်းဆင်းတယ်။ သူတို့ပြည်သူတွေအပေါ်မှာ ထားတဲ့မေတ္တာတရားတွေကို တွေ့မြင်နေရတယ်။ တကယ်လည်းထိရောက်မှု ရှိတဲ့လုပ်ရပ်တွေ လုပ်ပေးနေတယ်လေ။ မြန်မာနိုင်ငံက အာဏာပိုင်တွေနဲ့တော့ တခြားစီပေါ့။ မြန်မာပြည်မှာက ဘာအကြောင်းပဲဖြစ်ဖြစ် တခုခုဆိုရင် အာဏာပိုင်တွေက ဟန်ပြလုပ်ကြတယ်” လို့ ပြောပါတယ်။
ထိုင်းနိုင်ငံမှာဆိုရင် လူသားချင်းကိုယ်ချင်းစာတဲ့စိတ်နဲ့ ထိုင်းအာဏာပိုင်တွေက သူတို့ပြည်သူတွေ အပေါ်တကယ်ကာကွယ်စောင့်ရှောင့်နေပေမဲ့ မြန်မာပြည်မှာက သဘာဝဘေး စစ်ဘေးအန္တရယ်ကြုံတွေ့နေရချိန် နိုင်ငံတကာက ကူညီထောက့်ပံမှုတွေကိုတောင် ထိပ်ပိုင်း ခေါင်းဆောင်တွေက သူတို့အတွက်ကျန်အောင် ခေါင်းပုံဖြတ်နေတယ်လို့လည်း ပြောပါတယ်။
မြန်မာနိုင်ငံမှာ သဘာဝဘေးနဲ့ စစ်ဘေးတွေနဲ့ ရင်ဆိုင်နေရတဲ့ ပြည်သူအများအပြား ရှိနေပေမဲ့ စစ်တပ်က အာဏာရရှိဖို့အတွက်သာ ပြည်သူကိုရန်သူလိုဆက်ဆံနေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံကနေ စစ်ဘေးကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ လူဦးရေ ၁ သန်းကျော် ရှိနေပြီး အနယ်နယ်အရပ်ရပ်က တိုင်းရင်းသားဒေသတွေ မြန်မာနိုင်ငံနယ်စပ်ဒေသတွေနဲ့ ထိုင်းနိုင်ငံတွေမှာ သွားရောက်ရှောင်တိမ်းနေကြရတယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေဆီက သိရပါတယ်။