Home
နိုင်ငံတကာ
ကမ္ဘောဒီးယား တပ်ရင်း ၂ ရင်းကို F-16 တိုက်လေယာဉ်ဖြင့် ချေမှုန်းခဲ့ဟု ထိုင်းစစ်တပ်ပြော
DVB
·
July 24, 2025
Photo: REUTERS/Athit Perawongmetha

ကမ္ဘောဒီးယား တပ်ရင်း ၂ ရင်းကို F-16 တိုက်လေယာဉ်တစင်းနဲ့ “ချေမှုန်း” လိုက်ပြီလို့ ထိုင်းစစ်တပ်က ဇူလိုင် ၂၄ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

ထိုင်း အမှတ် ၂ စစ်တိုင်းဌာနချုပ်ရဲ့  Facebook မှာ တင်ထားတဲ့ ပို့စ်တစ်ခုမှာ F-16 တစင်းဟာ  ကမ္ဘောဒီးယား တပ်ရင်း ၈ နဲ့ ၉ ကို ချေမှုန်းလိုက်ပြီ လို့ ရေးထားပါတယ်။ 

အဲဒီလေယာဉ်ဟာ တိုက်ပွဲဝင်ဖို့ အသင့်ပြင်ထားတဲ့ တိုက်လေယာဉ် ၆ စင်းထဲက တစင်းဖြစ်တယ်လို့ ဆိုပါတယ်။

ဇူလိုင် ၂၄ ရက် ဒီနေ့မှာ ကမ္ဘောဒီးယားဘက်က ပစ်ခတ်လိုက်တဲ့ အမြောက်ကျည်တွေကြောင့် ထိုင်း အရပ်သား အနည်းဆုံး ၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ထိုင်းအရာရှိတယောက်က Reuters သတင်းဌာနကို ပြောပါတယ်။

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနက်ကလည်း ဇူလိုင် ၂၄ ရက် ဒီနေ့မှာ Facebook ကနေတဆင့် “ထိုင်းစစ်တပ်ဟာ Oddar Meanchey  ခရိုင်က Ta Moan Thom ဘုရားကျောင်းနဲ့ Ta Krabei ဘုရားကျောင်းမှာရှိတဲ့ ကမ္ဘောဒီးယား စစ်စခန်းတွေကို တိုက်ခိုက်ခဲ့ပြီး  နယ်စပ် ၃ ခုဆုံရာ ဒေသအထိပါ သက်ရောက်လာပြီ” လို့ ထုတ်ပြန်ထားပါတယ်။

“ဒီလို လက်နက်ကိုင် ကျူးကျော်မှုကို လက်နက်နဲ့ပဲ ပြန်လည်တုံ့ပြန်ဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိတော့ဘူး” လို့ ဟွန်မာနက်က ပြောထားပါတယ်။

အငြင်းပွားနယ်မြေမှာ တပတ်အတွင်း ထိုင်းစစ်သား ၂ ဦးအထိ မြေမြှုပ်မိုင်းကြောင့် ခြေလက် ဆုံးရှုံးခဲ့ပြီးတဲ့နောက် အခြေအနေ တင်းမာလာခဲ့ပါတယ်။ 

ဗုဒ္ဓဟူးနေ့မှာ ထိုင်းနိုင်ငံဟာ ကမ္ဘောဒီးယားဆိုင်ရာ ထိုင်းသံအမတ်ကြီးကို ပြန်ခေါ်ပြီး ဘန်ကောက်မှာရှိတဲ့ ကမ္ဘောဒီးယားသံတမန်ကို နှင်ထုတ်မယ်လို့ ကြေညာခဲ့ပြီးနောက်မှာ အခုလို တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ 

အဲဒီမြေမြှုပ်မိုင်းတွေဟာ အဲဒီဒေသမှာ မကြာသေးခင်ကမှ ထောင်ထားခဲ့တာလို့ ထိုင်းဘက်က ပြောဆိုခဲ့ပြီး၊ ကမ္ဘောဒီးယားဘက်ကတော့ ဒါဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တခုသာ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ မိုင်းရှင်းလင်းရေးအဖွဲ့တွေရဲ့အဆိုအရ ကမ္ဘောဒီးယားနိုင်ငံမှာ ဆယ်စုနှစ်တွေနဲ့ချီ ကြာမြင့်ခဲ့တဲ့ ပြည်တွင်းစစ်ကျန် မြေမြှုပ်မိုင်း သန်းနဲ့ချီပြီး ရှိနေပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013