
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်- မန္တလေး ပြည်ထောင်စုလမ်းမပေါ်ရှိ နမ့်ဖတ်ကာရွာအနီး သတ္တုတွင်းတခုမှာ အလုပ်လုပ်နေတဲ့ အမျိုးသား ၂ ယောက် ဇူလိုင် ၂၄ ရက် မနက် အစောပိုင်းက အောက်ဆီဂျင်ပြတ်ပြီး သေဆုံးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
သေဆုံးသွားတဲ့ အမျိုးသား ၂ ယောက်ဟာ အသက် ၃၀ ကျော်အရွယ် ဆိုင်းလီနဲ့ အိုင်မောင်ထွန်းတို့ ဖြစ်ပြီး မနေ့ မနက် ၄ နာရီလောက်မှာ သတ္တုတွင်းထဲက ရေစုပ်ထုတ်ရတဲ့ အလုပ်လုပ်ချိန်မှာ သေဆုံးသွားတာလို့ ဒေသခံက ပြောပါတယ်။
"ဟန်ကိုင်ဂျေလဲန့်မှာ သတ္တုတွင်းထဲဝင် အလုပ်လုပ်တာ အောက်ဆီပြတ်ပြီး သေဆုံးသွားတာ။ ရှမ်း တယောက်၊ ကချင် တယောက်ပါ။"
သေဆုံးသူတွေရဲ့ အလောင်းကို တွင်းထဲက မနေ့က သွားထုတ်ယူကာ မီးသင်္ဂြိုဟ်ခဲ့ပြီး ဒီနေ့ ဇူလိုင် ၂၅ ရက်မှာ ဘုရားရှိခိုးဆုတောင်းပေးခဲ့ကြတယ်လို့ ဒေသခံက ပြောပါတယ်။
အဲဒီ သတ္တုတွင်းမှာ တရုတ်လုပ်ငန်းရှင်တွေလို့ ယူဆရတဲ့ သူဌေးတွေက အရင် အစိုးရ လက်ထက် ကတည်းက တူးနေကြတာဖြစ်ပါတယ်။