ဇမ်ဘီယာနိုင်ငံရှိ ကယ်ဆယ်ရေးလုပ်သားတွေဟာ မြေပြိုကျမှုဖြစ်ပွားပြီးနောက် အဝပွင့် သတ္တုတွင်းထဲမှာ ပိတ်မိနေတဲ့ အလုပ်သမား ၃၈ ဦးကို ကယ်ထုတ်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။
အလုပ်သမားတွေဟာ တရားဝင်အလုပ်လုပ်ခွင့် ပါမစ် မရှိသူတွေ ဖြစ်ကြပြီး ရုပ်အလောင်းတွေကို ဘယ်သူဘယ်ဝါဖြစ်ကြောင်း ခွဲခြားသိရှိနိုင်ဖို့ အတော်ကို ကြိုးစားနေရတယ်လို့ နိုင်ငံရဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာနက ပြောကြားပါတယ်။
ဒီဇင်ဘာ ၁ ရက်က မြို့တော်လူဆာကာရဲ့ အနောက်မြောက်ဘက် ကီလိုမီတာ ၄၀၀ အကွာရှိ ချင်းန်ဂိုလာမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စီစီလီမိုင်းတွင်းထဲကို မိုးရေတွေဝင်ကာ ရေတွေလျှံတက်ခဲ့တာကြောင့် မိုင်းတွင်းထဲရှိ လုပ်သားတွေဟာ နေရာ ၃ ခုမှာ ပိတ်မိနေခဲ့ကြောင်း အစိုးရက ပြောပါတယ်။
ဒီဇင်ဘာ ၁ ရက် ဖြစ်စဉ်ကနေ ရုပ်အလောင်း အနည်းငယ်သာ ထုတ်ယူနိုင်ခဲ့ပြီး ပိတ်မိနေသေးတဲ့ မိုင်းလုပ်သားတွေ အသက်ရှင်ကျန်ရစ်ဖို့ အစိုးရက မျှော်လင့်နေဆဲ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ရက်သတ္တပတ်က မိသားစုတွေဟာ သူတို့ဆွေမျိုးတွေ ပျောက်ဆုံးနေကြောင်း တိုင်ကြားခဲ့ကြပြီး အစိုးရဆီမှာ အကူအညီ တောင်းခံခဲ့ကြပါတယ်။
စစ်ဘက်ဆိုင်ရာဝန်ထမ်းတွေ အပါအဝင် ကယ်ဆယ်ရေးလုပ်သားတွေနဲ့ တခြား သတ္တုတူးဖော်ရေး ကုမ္ပဏီကြီးတွေက တခြားသူတွေကလည်း ကယ်ဆယ်ရေး လုပ်ဆောင်ပေးနေကြပြီး မြေကြီးပျော့အိနေမှုကြောင့် အလွန်သတိထား လုပ်ဆောင်နေရတာကြောင့် ကယ်ဆယ်ရေး နှေးကွေးနေရပါတယ်။
ဒီမိုင်းတွင်းကို အရင်က ဇမ်ဘီယာနိုင်ငံရဲ့ အကြီးဆုံး ကြေးနီထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ ကွန်ကိုလာ ကြေးနီသတ္တုတွင်း (KCM) မှ ပိုင်ဆိုင်ခဲ့တာပါ။
ဒါပေမဲ့ ဒီသတ္တုတွင်းဟာ အခုတော့ ဘေးကင်းရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အတည်ပြုချက်ကို စောင့်ဆိုင်းနေရလို့ သတ္တုတူးဖော်ရေး လုပ်ငန်းတွေကို မစတင်နိုင်သေးတဲ့ ပြည်တွင်းကုမ္ပဏီတခုရဲ့ လက်ထဲကို ရောက်နေပြီ ဖြစ်ပါတယ်။
Source/Photo - Reuters