
မန္တလေးမြို့နဲ့ ၉ မိုင်သာသာပဲ ဝေးတော့တဲ့ ပုသိမ်ကြီးမြို့နယ် သရက်ကိုင်းကျေးရွာ၊ မြကန်သာကျေးရွာနဲ့ မတ္တရာမြို့နယ် ထန်းပင်ကုန်းကျေးရွာတွေကို စစ်ကောင်စီတပ်က တန်ပြန်ထိုးစစ်ဆင်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးက ဇူလိုင် ၂၄ က ထုတ်ပြန်ပါတယ်။
အဲဒီရွာတွေမှာရှိတဲ့ စစ်ကောင်စီစခန်းတွေကို တော်လှန်ရေးတပ်တွေက ဇူလိုင် ၂၀ ရက်က သိမ်းပိုက်ထားတာပါ။
အဲဒီလို သိမ်းပိုက်ပြီးနောက်ပိုင်း တန်ပြန်ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ဒုဗျူဟာမှူးလို့ ယူဆရတဲ့ စစ်တက္ကသိုလ် အပတ်စဉ် ၅၄ ဆင်း ဖြိုးကျော်နဲ့ တခြားစစ်ကောင်စီ တပ်ဖွဲ့ဝင် ၆ ယောက်ရဲ့ အလောင်းကို ရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် လက်နက်ခဲယမ်းတွေလည်း ထပ်ပြီး သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီရဲ့ တန်ပြန်ထိုးစစ်မှာ ကိုးကန့်ဒေသ လောက်ကိုင်မှာ တော်လှန်ရေးတပ်တွေကို လက်နက်ချခဲ့ရတဲ့ ခလရ (၂၃၉) ပါ ပါဝင်တိုက်ခိုက်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။