Home
မြန်မာသတင်း
အေဂျင်စီများ ပေးသွင်းရမည့် အခွန်အခအတွက် အလုပ်သမားထံမှ ကောက်ခွင့်ပြု
DVB
·
July 24, 2025

နိုင်ငံခြားငွေဝန်ဆောင်ခအပေါ် အခွန်အခကို ဗဟိုဘဏ်ရည်ညွှန်းဈေးနဲ့တွက်ပြီး ရန်ကုန်  ပြည်ပ အလုပ်အကိုင် အေဂျင်စီတွေက ပေးဆောင်ရမယ့် အခွန်အခအတွက် အလုပ်သမားဆီက သီးခြား ကောက်နိုင်တယ်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက အသိပေးထားပါတယ်။ 

ပြည်ပအလုပ်အကိုင်အေဂျင်စီတွေအနေနဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း စေလွှတ်ခဲ့လို့ အလုပ်သမားဆီက ရရှိတဲ့ ဝန်ဆောင်ခအပေါ် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ပေးသွင်းရမှာဖြစ်ပြီး အဲဒီအတွက် ကျသင့်ငွေကို အလုပ်သမားဆီကနေ သီးခြားကောက်နိုင်တယ် ဆိုပြီး ထုတ်ပြန်လာတာ ဖြစ်ပါတယ်။ 

အဲဒီ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းကို အလုပ်သမားတွေဆီက သီးခြားကောက်ခွင့်ရှိသလို အလုပ်သမားတွေအနေနဲ့လည်း ကုန်သွယ်လုပ်ငန်းခွန်အတွက် အေဂျင်စီတွေက တောင်းခံလာရင် ကြိုတင်သိရှိထားနိုင်အောင်ဆိုပြီး နိုင်ငံအလိုက် ကျသင့်တဲ့အခွန် တွက်ချက်ထားတဲ့ ဇယားနဲ့ နှုန်းထားတွေကိုပါ ထုတ်ပြန်လာခဲ့တာ ဖြစ်ပါတယ်။ 

အေဂျင်စီတွေက စေလွှတ်ခဲ့တဲ့ အလုပ်သမားဆီက ရရှိတဲ့ ဝန်ဆောင်ခအပေါ် ကောက်ခံတဲ့ အခွန်အတွက် အလုပ်သမားက ထပ်ပြီးစိုက်ထုတ်ပေးရမယ့်သဘော ဖြစ်နေတာကြောင့် သဘာဝမကျဘူးလို့ အလုပ်သမားတွေက ဝေဖန်ပါတယ်။  

ပြည်ပရောက်မြန်မာလုပ်သားတယောက်က “အေဂျင်စီက ဝန်ဆောင်ခကနေ အကျိုးအမြတ် ရထားတာလေ။ သူတို့နဲ့ပဲ ဆိုင်တာပေါ့။ ဘာဆိုင်လို့ အလုပ်သမားက ပေးရမှာလဲ” လို့ ပြောပါတယ်။ 

ပြည်ပရောက် မြန်မာအလုပ်သမားတွေက စစ်ကောင်စီရဲ့ ဖိအားပေးမှုကြောင့် လစာရဲ့ ၂ ရာခိုင်နှုန်းကို ဝင်ငွေခွန် ပေးသွင်းနေရတာရှိသလို ​နောက်ထပ် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရဖို့ ရှိလာတာလည်း ဖြစ်ပါတယ်။

အဲဒီကုန်သွယ်လုပ်ငန်းအခွန် တွက်ချက်ရာမှာ နိုင်ငံခြားငွေနဲ့ ပေးခဲ့ရတဲ့ ဝန်ဆောင်ခအတွက် ငွေလဲဈေးကို ဗဟိုဘဏ်ရည်ညွှန်းစျေးဖြစ်တဲ့ အမေရိကန်တ ဒေါ်လာ ၃၄၈၂ ကျပ်နှုန်းနဲ့ တွက်ပေးထားတာ တွေ့ရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013