
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ မင်္ဂလာအဆင့်မြင့်ရုပ်ရှင်ရုံရှေ့မှာ ဇူလိုင် ၁၈ ရက်က ရုပ်ရှင်လာကြည့်တဲ့ မိသားစုဝင် ၄ ယောက်နဲ့ စုံတွဲ ၂ တွဲ စကားများ ရန်ဖြစ်ရာက ဓားနဲ့ထိုးလို့ မိသားစုဝင် တယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရကာ ပြစ်မှုကျူးလွန်သူ လူငယ် ၄ ယောက်ကို ရဲတွေက ဖမ်းဆီးထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဇူလိုင် ၁၈ ရက် နေ့လယ် ၁ နာရီက သန်လျင်မြို့နယ် မင်္ဂလာအဆင့်မြင့်ရုပ်ရှင်ရုံရှေ့မှာ ရုပ်ရှင်လာကြည့်သူ အချင်းချင်း စကားများရန်ဖြစ်ရာ အမျိုးသား တယောက် သေဆုံးပြီး အမျိုးသား တယောက်နဲ့ အမျိုးသမီး တယောက် ဒဏ်ရာရခဲ့တာလို့ မြိုခံတယောက်က ပြောပါတယ်။
“ရုပ်ရှင်လာကြည့်တဲ့ မိသားစု ၄ ယောက်နဲ့ စုံတွဲ ၂ တွဲ ရုပ်ရှင်ရုံအထွက်မှာ ဖြစ်တာ။ စုံတွဲ ကောင်လေး ၂ ယောက်က ဓားပါတော့ မိသားစုနဲ့ လာကြည့်တဲ့ ၄ ယောက်က ၁ ယောက် သေတယ်။ ၂ ယောက် ဒဏ်ရာရတယ်။ ဓားနဲ့ထိုးတဲ့သူတွေလည်း မိသွားပြီလို့ ကြားတယ်။”
အခင်းဖြစ်တဲ့နေ့က သန်လျင်မြို့ ကျိုက်ခေါက်ဘုရားလမ်းနေ ကိုအောင်မျိုးတို့ လင်မယားဟာ သူငယ်ချင်း ၂ ယောက်နဲ့အတူ မင်္ဂလာအဆင်မြင့်ရုပ်ရှင်ရုံမှာ ရုပ်ရှင်ကြည့်ပြီး ပြန်အထွက်မှာ လူငယ်စုံတွဲ ၂ တွဲနဲ့ စကားများရာက ဓားနဲ့ထိုးခံရလို့ ကိုအောင်မျိုး သေဆုံးပြီး ဇနီးဖြစ်သူနဲ့ သူငယ်ချင်းဖြစ်သူ ဒဏ်ရာရခဲ့တာလို့ ရဲစခန်းနဲ့နီးစပ်သူတယောက်က ပြောပါတယ်။
“ရုပ်ရှင်ရုံထဲမှာ သန့်စင်ခန်းသွားရင်း စကားများတယ်။ အဲဒါကို မှတ်ထားပြီး ရုပ်ရှင်ရုံက ပြန်ထွက်တော့ ချကြရော တယောက် သေတယ်။ ၂ ယောက် ဒဏ်ရာရတယ်။ ၄ ယောက် အဖမ်းခံရတာ။ သေတဲ့ဘက်က ရန်ဖြစ်တဲ့အချိန် ဆွဲကြိုးပျောက်သွားလို့ လုယက်မှုနဲ့ပါ ထပ်ဖွင့်ထားတယ်။”
လက်ရှိအခြေအနေမှာ သေဆုံးသူရဲ့ ဇနီးဖြစ်သူ မမာလာအောင်နဲ့ သူငယ်ချင်းဖြစ်သူ ကိုသိန်းသန်းဌေး တို့ သန်လျင်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။
ပြစ်မှုကျူးလွန်သူ သီဟ(ခ)တတ်တူး၊ လှိုင်မင်းထွန်း၊ မခိုင်သွယ်၀င်းနဲ့ မအေးချမ်းမွန် တို့ကို သန်လျင် မြို့မရဲစခန်းက ပုဒ်မ ၃၀၂/၃၂၃/ ၃၂၆/၄၀၃ နဲ့ အမှုဖွင့် စစ်ဆေးနေ ပါတယ်။