Home
ဆောင်းပါး
ခေတ်ပေါ်ကဗျာအစ ဖော်ဝေး မှသည် မိမိကိုယ်မိမိ ဝေဖန်ရေး 
DVB
·
July 23, 2025

( က )

၁၉၈၈။

စစ်တောင်းမြစ်ဘေး ကျေးရွာ ၁၁ ရွာရဲ့ တပါတီအာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲကြီး ပြီးခါစ ကျနော့်နှလုံးသားတွေ ပူနွေးနေဆဲ အချိန်။

မြို့စိုးဆိပ်ကမ်းမှ ခွာလာတဲ့ စက်လှေတစင်းပေါ် ကျနော် ပါလာခဲ့ပါတယ်။ စစ်တောင်းမြစ် အနောက်ဘက်ကမ်း သရက်တောရွာဆိပ်ကမ်းမှာ စက်လှေခဏကပ်ပါတယ်။ ခရီးသည် အမျိုးသမီး တဦးနဲ့ ယောက်ျား နှစ်ဦး စက်လှေပေါ် တက်ပါတယ်။ စက်လှေဆရာ ကိုကျော်ဝင်းက စက်လှေကို ကျွမ်းကျွမ်းကျင်ကျင်ပဲ ရေလယ်ဘက်ပြန်လှည့်ပြီး အောက်ဘက်ကို ဦးတည်လိုက်ပါတယ်။

စက်လှေက သောင်တန်းရွာထိပ်ရောက်တော့ စက်ကိုနှေးလိုက်ပါတယ်။ ကျနော်က ရွာထိပ် စာသင်ကျောင်းနဲ့ ဘုန်းတော်ကြီးကျောင်းဆီ ကြည့်ပါတယ်။ ကျောင်းရှေ့ အင်မတန်ကြီးလှတဲ့ ကုက္ကိုပင်ကြီးကို သောင်ခုံထိပ်မှာ ထီးထီးမားမာ းမြင်နေရပါတယ်။

လွန်ခဲ့တဲ့တလလောက်က သောင်တန်းရွာ အဲဒီကုက္ကိုပင်ကြီးအောက်မှာ စစ်တောင်းမြစ်ကမ်း ကျေးရွာတွေရဲ့ တပါတီအာဏာရှင်စံနစ်ဆန့်ကျင်ရေး စုပေါင်းဆန္ဒပြပွဲ လုပ်ခဲ့ကြတာပဲ။ အဲဒီတုန်းကဆိုရင် ရေအိုးစင်ကျေးရွာအုပ်စု ပါတီကောင်စီ နယ်မြေအာဏာပိုင်တွေဆိုတာ ညောင်ခြေထောက်နဲ့ ကျွဲပွဲမြို့တွေဆီ ညတွင်းချင်းထွက်ပြေးခဲ့ကြတာပဲ။

ကျနော့်အတွေးက ကျနော့်ရှေ့ လှေဝမ်းဗိုက်ထဲ ကျနော်နဲ့ မျက်နှာချင်းဆိုင်ထိုင်နေတဲ့ အမျိုးသမီးတဦးရဲ့ စကားကြောင့် အတွေးရပ်သွားရပါတယ်။ သူက အခုနက သရက်တောရွာဆိပ်ကမ်းက စက်လှေပေါ်တက်လာတဲ့ အမျိုးသမီးပါ။

“ကျမအစ်ကိုတယောက်က  ဆရာလေးလိုပဲ ကဗျာရေးတယ်။ ဆရာလေး သိမလားပဲ။ ”

ကျနော်က စက်လှေသံ‌တွေကြား သူ့အသံကို မနည်းနားစိုက်ထောင်နေရသည်။

“ဟင် ဟုတ်လားဗျ ဘယ်သူများပါလိမ့်။”

“သူက ဆုံးတာ  ကိုးနှစ်လောက်တော့ ရှိပါပြီ၊ ဆရာလေးနဲ့များ သိမလားလို့ ကိုဖော်ဝေး တဲ့။ ”

ထိုအခါ ကျနော့်ခေါင်းမှာ အလိုလို ထောင်မတ်သွားရ၏။ 

“အယ် ဟုတ်လားဗျ၊ ဘယ်မသိဘဲ ရှိမှာလဲဗျာ၊ လူချင်းတော့ မသိပါဘူး၊ ဒါပေမဲ့ သူ့ကို ကျနော် ကောင်းကောင်းသိတာပေါ့။”

“သူ့နာမည်ရင်းက ကိုဝင်းထိန်ပါ၊ ဖော်ဝေး ဆိုတဲ့နာမည်က သူ့အဘိုး ဦးဖော်ဝေး နာမည်ကို သူက ကလောင်နာမည် ယူထားတာပါ။”

သောင်တန်းရွာအောက်ပိုင်း လှေဆိပ်တွင် ကျနော့်ကို ကဗျာဆရာ ဖော်ဝေးအကြောင်း ပြောပြခဲ့သည့် မတရုတ်မ စက်လှေပေါ်က ဆင်းကျန်ခဲ့၏။ 

မတရုတ်မက လှိုင်းဘွဲဘက်က ဖြစ်သည်။ ကဗျာဆရာဖော်ဝေးက မတရုတ်မ၏ အစ်ကိုတဝမ်းကွဲဟု သူ ပြောပြလို့ သိလိုက်ရ၏။ မတရုတ်မက သောင်တန်းရွာသားတဦးနှင့် အိမ်ထောင်ကျသူ ဖြစ်သည်။ ကျနော်က ကျိန်တောမြောင်ရွာ တွဲဖက်အလယ်တန်းကျောင်းတွင် စာသင်နေသူ‌ ဖြစ်သဖြင့် ကျနော့်ကို ရွာနီးချုပ်စပ်အားလုံးက ဆရာလေးဟုပင် ခေါ်ကြ၏။

စက်လှေက အောက်ဘက် သောင်ပုရွာဆီခရီးဆက်လာသည့်တိုင် ကျနော့်စိတ်က ကဗျာဆရာဖော်ဝေး အကြောင်းပဲ တွေးလာခဲ့၏။ ဖော်ဝေးသည် မဆလစစ်တပ်မှ တပ်ကြပ်ကြီးတဦး ဖြစ်သည်။ သူသည် ခေတ်ပေါ်ကဗျာကို အစောဆုံးရေးဖွဲ့သူများထဲက တဦး ဖြစ်သည်။ ထိုစဉ်က ခေတ်ပေါ်ကဗျာကို အားကြိုးမာန်တက် ရေးနိုင်ရန် ကြိုးစားသူက လက်ချိုးရေလို့ ရသလောက်ပင် နည်းနေသေး၏။ ကဗျာရေးနည်းအဟောင်းအပေါ် အာရုံညောင်းစပြုနေကြပြီ ဖြစ်သည့် လူငယ်များကို ခွန်အားတွန်းအားပေးခဲ့သူလည်း ဖြစ်သည်။ ပြီးတော့ သူ့ကိုယ်သူ ကွန်မြူနစ်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားသူ။ (ဖော်ဝေး၏ ၁၉၇၄ ဒိုင်ယာရီ)။ 

ကျနော် ကျင်လည်ရာ အသိုက်အဝန်းကြားမှာတော့ ကျနော်တို့က ဖော်ဝေးကို မဆလစစ်တပ်ထဲက တပ်ကြပ်ကြီးတဦး ဖြစ်သဖြင့် “ရန်သူ့နှလုံးသားထဲက သူရဲကောင်း” အဖြစ် တိုးတိုးတိတ်တိတ် တင်စား ခေါ်ဝေါ်သတ်မှတ်ထားခဲ့ကြ၏။

ဖော်ဝေးကို လူချင်းမတွေ့ဖူးသော်လည်း သူ့ကဗျာတချို့ကို မုံရွာအောင်ရှင်၊ မောင်သင်းခိုင်၊ စန်းမောင် အစရှိသော ကဗျာဆရာများမှတဆင့် ဖတ်ခဲ့ဖူး၏။ သူ့သတင်းကိုလည်း ကြားနေခဲ့ရ၏။ သူသည် အနေအထိုင် အင်မတန်ကျစ်လျစ်ပြီး အေးဆေးတည်ငြိမ်သူအဖြစ်လည်း သိခဲ့ရ၏။ 

သို့သော် စာပေအသိုက်အဝန်းတခုအတွင်း အထူးသဖြင့် ခေတ်ပေါ်ကဗျာအပေါ် အာရုံကျစပြုသူ လူငယ်တချို့အတွင်း တစတစ လူသိများလာစဉ်မှာပင် ကဗျာဆရာဖော်ဝေး ကွယ်လွန်သွားခဲ့ရ၏။ (၁၉၇၈ ဇူလိုင် ၃) သူကွယ်လွန်စဉ်က အသက် ၃၄ နှစ်ပင် ရှိသေး၏။ 

( ခ )

သူကွယ်လွန်ပြီး ၂၆ နှစ်ရှိသောအခါကျမှ သူ့ကဗျာများကို “‌ဖော်ဝေးငှက်များ ပျံသန်းချိန်” အမည်ဖြင့် ပထမအကြိမ် စာအုပ် ထုတ်ဝေနိုင်၏။ နောက်ထပ် ၄ နှစ်ခြားပြီးနောက် ဒုတိယအကြိမ် အဖြစ် နှစ်ကာလများစာပေတိုက်မှ ထုတ်ဝေခဲ့၏။ 

ကျနော်က ဖော်ဝေး၏ “ဖော်ဝေးငှက်များ ပျံသန်းချိန်” ကဗျာ စာအုပ်ဖတ်သည့်အခါ သူ့ကဗျာများကို ခံစားနိုင်ဖို့ နားလည်ချင့်ချိန်နိုင်ဖို့ သူ၏ ၁၉၇၄ ဒိုင်ယာရီမှ “သူကား ကဗျာကိုချစ်သူ၊ အနုပညာဖန်တီးရမှာ ရွံ့ကြောက်သူ၊ အလွမ်းကိုချစ်သူ၊ အချစ်ကို ချစ်သူ၊ နိုင်ငံရေးကို ချစ်သူ၊ အသစ်ကိုမက်မောသူ” တည်းဟူသော သူကိုယ်တိုင်‌ရေးခဲ့သည့် ဒိုင်ယာရီထဲမှ သည်စာသားများကို အခြေခံထားပြီး ဖတ်ခဲ့ရ၏။ 

သည်ကဗျာစာအုပ်ထဲက ဖော်ဝေးရဲ့ကဗျာတွေဟာ ခေတ်ဆိုး စနစ်ဆိုးကို ဖွင့်ချတဲ့ကဗျာ၊ ဆင်းရဲသား အောက်ခြေလူတန်းစားများရဲ့ဘဝ။ ပြီးတော့ ကဗျာအတတ်ပညာမှာ လေးလုံးစပ်ကနေ အတိအလင်း ဖြေချပြီး စကားပြောရစ်သမ်ကို ရဲရဲတင်းတင်း သုံးထားသည်ကိုလည်း တွေ့ရ၏။ လေးလုံးတပါဒနှင့် ကာရန်စည်းကို လွတ်အောင်ကျော်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့၏။ သည်လို ကဗျာရေးဖွဲ့မှုအတတ်ပညာကို သူ ကျကျနန ကိုင်ဆွဲလိုက်သည့် သူ့ရဲ့ကဗျာနည်းနာအသစ်က အဲဒီခေတ် အဲဒီအချိန် ဖော်ဝေးအပေါ် ခေတ်ပေါ်ကဗျာ သမိုင်းဦးကဗျာဆရာအဖြစ် နှောင်းလူများက ယူဆသတ်မှတ်လာရခြင်းပင် ဖြစ်သည်။ သူ ရေးခဲ့ဖူးသလို သူသည် “အသစ်ကို မက်မောသူ” ဖြစ်တယ်ဆိုတာ ပြက်ပြက်ထင်ထင် တွေ့လိုက်ရ၏။ သူ မက်မောသည့်အသစ်ဆိုသည်မှာ အနုပညာအသစ် ခေတ်အသစ် မိုးကုပ်စက်ဝိုင်းအသစ်ပင် ဖြစ်၏။

ဒါတွေထားတော့ သူ့ကဗျာအများစုအပေါ် ဒီလောက်နဲ့ဖြတ်ပြီး ထူးခြားတဲ့ သူ့က‌ဗျာတပုဒ်ကိုတော့ ကျနော် အနည်းငယ်အကျယ်ချဲ့ပြီး ပြောချင်ပါသည်။ ၁၉၇၂ မေလ မိုးဝေမဂ္ဂဇင်းမှာ ရေးခဲ့သည့် “ရေလယ်မီးပြ” ကဗျာဖြစ်သည်။

( ဂ )

ရေလယ်မီးပြ

အမှောင်ကြားမှာ

စမ်းတဝါးဝါး

သွားနေရရင်

ဘယ်ခရီးတွင်ပါ့မလဲ။

ပင်လယ်ပြင်ဟာ

အရွယ်ဝင်စ

အပျိုမရဲ့

နားလည်ရခက်တဲ့ မျက်နှာလို

ခု ငိုမယ် ခုရယ်မယ်

မှန်းဆဖို့ မလွယ်ပါဘူး။

ညဆိုတာက

မှောင်ကြီး ကျပလားဆို

ဘာဆိုဘာမှ

မမြင်ရတာ

ဘယ်ဟာကမ်းပါး

ဘယ်နားကျောက်ဆောင်

သောင်ကဟိုရှေ့

အကွေ့ဟိုမှာ

ရှာမရနိုင်။

ဟို…..အဝေးဆီက

မီးနီရွှန်းပြက်

တလက်လက်နဲ့ 

လက်ညှိုးညွှန်တယ်

ရေလည် ‘မီးပြ’

ကျေးဇူးတင်စရာ။

မီးပြကိုကြည့်ပြီး

ခရီးထွက်ခွာ

ဘယ်နေရာဆို

ဘယ်လိုအန္တရာယ်

ဘယ်အဆွယ် ဘယ်အကွေ့

ဘယ်ရွေ့ဘယ်မျှ

မှန်းဆလို့ ရပါပြီ။

ဒါပေမယ့်

အနီရောင် တလက်လက်နဲ့

မီးပြများ ပျက်တဲ့အခါ

အန္တရယ်ဟာ

မငယ်တော့ပေဘူး။

သဲသောင်ပေါ် မဆိုက်

ကျောက်ဆောင်နဲ့ မတိုက်

မီးပြနဲ့ တိုက်တာကြောင့်

သင်္ဘာ မှောက်ခဲ့ရတာမျိုးတွေ။

မိုးဝေမဂ္ဂဇင်း မေ ၁၉၇၂

သည်ကဗျာသည် “ဖော်ဝေးငှက်များ ပျံသန်းချိန်” ကဗျာစာအုပ် စာမျက်နှာ ၂၇ တွင်ပါရှိသည့် ကဗျာဖြစ်ပါသည်။

သည်ကဗျာအပေါ် ကျနော်၏ ပုဂ္ဂလအမြင်ကိုမပြောမီ ကဗျာထဲတွင်ပါသည့် စကားလုံးတချို့ကို အရင်ရှင်းပြချင်ပါသည်။

ဖော်ဝေးသည် ကဗျာရေးစဉ် ၁၉၇၀ ဝန်းကျင်က တိုးတက်သောစာပေနယ်ပယ်တွင် “အနီ” ဟူသောစကားလုံးမှာ လက်ဝဲဆန်သူများကို ကိုယ်စားပြု၏။ အမှောင်မှာ အုပ်စိုးသူက ဖိနှိပ်မှုကြောင့် တိုင်းပြည်ဒီမိုကရေစီ ဆိတ်သုဉ်းနေသောခေတ်ကို ကိုယ်စားပြု၏။

ထို့အပြင် ကဗျာထဲတွင်မပါရှိပေသည့် အထက်ပါစကားလုံးများနှင့် ဆက်စပ်စဉ်းစားဖို့ လိုအပ်သည့် အကြောင်းအရာများမှာ ဖော်ဝေးက  သူသည် ကွန်မြူနစ်ဖြစ်သည်ဟု ဝန်ခံထားသောအချက်နှင့် ‌”ဝေဖန်ရေး၊ ကိုယ့်ကိုယ်ကိုယ် ဝေဖန်ရေး၊  ဝေဖန်ရေး”ဟူသော အချက်များဖြစ်၏။

အထက်တွင်ပြောခဲ့သော ကဗျာပါစကားလုံးများနှင့် ဖော်ဝေးကိုယ်တိုင် ဝန်ခံထားသောအချက်၊ ဝေဖန်ရေးအချက်များအရ “ရေလယ်မီးပြ” ကဗျာသည် ကိုယ့်ကိုယ်ကိုယ် ဝေဖန်သည့်သဘော သို့မဟုတ် သူယုံကြည်သော ကွန်မြူနစ်အယူအဆ သို့မဟုတ် အဖွဲ့အစည်း တခုခုအား ဝေဖန်သည့်သဘော ဖြစ်မည်ဟု ကျနော်ယူဆမိ၏။

မိမိဘဝ၏ လမ်းညွှန်အယူအဆ သို့မဟုတ် အဖွဲ့အစည်းတခုခုသည် တခါတရံ တခုတလေ မှားယွင်းခြင်း ချွတ်ယွင်းခြင်းဖြစ်ပါက ဒုက္ခရောက်တတ်သည်ဟု ဖော်ဝေး ဆိုလိုပါသလော။ 

သည်ကိစ္စမှာ မည်သူမျှ အတိအကျ ရှင်းပြနိုင်မည်မဟုတ်ပါ။ ယတိပြတ် ထောက်ပြနိုင်မည်လည်း မဟုတ်ပါ။ အထူးသဖြင့် ကဗျာကိစ္စဖြစ်သည့်အတွက် နက်နဲ၏။ ထွေပြား၏။ ထို့ကြောင့် ဖော်ဝေး၏ “ရေလယ်မီးပြ” ကဗျာအပေါ် ကျနော်၏အမြင်မှာ မိမိ၏ အတ္တနောမတိအမြင်သာ ဖြစ်သည်ဟု အထက်တွင် ကြိုတင်ဝန်ခံထားခဲ့ခြင်း ဖြစ်၏။

သို့သော် ဖော်ဝေး၏ “‌ဖော်ဝေးငှက်များပျံသန်းချိန်” ကဗျာစာအုပ်ထဲ၌ ဤ “‌ရေလယ်မီးပြ” ကဗျာသည်ကား ယင်းစာအုပ်ထဲတွင်ပါရှိသော အခြား ပင်ကိုရေးကဗျာ ၂၈ ပုဒ်နှင့်မတူ ထင်းထင်းကြီး လမ်းခွဲထွက်သည်ကိုတော့ မည်သူမျှ ငြင်းနိုင်ကြမည် မဟုတ်ပါချေ။

ငြိမ်းဝေ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024