
တောင်ကိုရီးယားနိုင်ငံက မြန်မာအမျိုးသမီးလုပ်သား ခေါ်တာ နည်းတဲ့အတွက် သင်တန်းတက်ရောက်တဲ့ အမျိုးသမီးဦးရေလည်း ကျဆင်းသွားတယ်လို့ ကိုရီးယားဘာသာ သင်တန်းကျောင်းတချို့ဆီက သိရပါတယ်။
ပြီးခဲ့တဲ့လက ပြုလုပ်တဲ့ ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲ (EPS-Topik) မှာ ဝန်ဆောင်မှုလုပ်ငန်းအတွက် အမျိုးသမီးတွေကို ပထမဆုံး ဝင်ရောက်ဖြေဆိုခွင့်ပေးကာ အဲဒီနိုင်ငံကို သွားလုပ်ခွင့်ပေးခဲ့တာကြောင့် သင်တန်းတက်ရောက်တဲ့ အမျိုးသမီး အများအပြားရှိပေမဲ့ အခုချိန်မှာ စိတ်ဝင်စားမှု ပြန်နည်းသွားတယ်လို့ ဆိုပါတယ်။
ကိုရီးယားဘာသာသင်တန်း နည်းပြတယောက်က “မနှစ်ကတော့ အမျိုးသမီးတွေကို ပထမဆုံး ခွင့်ပြုတယ်ဆိုတော့ စိတ်ဝင်စားကြတယ်။ စာမေးပွဲဝင်ဖြေဖို့ သင်တန်းတွေ ပြေးတက်ကြတာ။ ဒါပေမဲ့ တကယ့်တကယ် အလုပ်သမားခေါ်တော့ ပြောပလောက်အောင် မရှိဘူး။ ဒါကြောင့်လည်း သင်တန်းသား အမျိုးသမီးတွေ ပြန်နည်းသွားတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က EPS-Topik စာမေးပွဲကို အမျိုးသမီးဦးရေ သောင်းနဲ့ချီ ဝင်ရောက်ဖြေဆိုခဲ့ပြီး အယောက် ၃,၀၀၀ စာမေးပွဲအောင်မြင်ခဲ့ပေမဲ့ အလုပ်ခေါ်စာလက်ခံတဲ့ ၆ လကျော်အထိ ၂ ယောက်လောက်ပဲ အလုပ်ရသေးတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
တောင်ကိုရီးယားနိုင်ငံဆီ တခြားနိုင်ငံတွေက အရင်ကတည်းက အမျိုးသမီးလုပ်သားတွေ စေလွှတ်ခွင့် ပေးထားတာကြောင့် မြန်မာအမျိုးသမီးတွေမှာ ဦးစားပေးခေါ်ယူခံရတဲ့အထဲ မပါတာလို့ အဲဒီနိုင်ငံရောက် မြန်မာအလုပ်သမားအရေး ကူညီပေးနေသူတယောက်က ပြောပါတယ်။
“အလုပ်ရှင်တွေအတွက် မြန်မာအမျိုးသမီးလုပ်သားက မျက်နှာသစ်လို ဖြစ်နေတာဆိုတော့ ချက်ချင်းကြီး နေရာရဖို့တော့ မလွယ်ဘူး။ အရင်သွားခွင့်ရတဲ့သူရဲ့ လုပ်ရည်ကိုင်ရည်အပေါ် မူတည်ပြီး နောက်လူတွေ လမ်းပွင့်မယ့်သဘောရှိတယ်။”
လက်ရှိမှာ ကိုရီးယားနိုင်ငံက အလုပ်ခေါ်တာ နည်းတဲ့အတွက် ဂျပန်နိုင်ငံကိုသွားဖို့ကို ပိုပြီး အားစိုက်လာတယ်လို့ အမျိုးသမီးလုပ်သားတချို့က ဆိုပါတယ်။
ဒါပေမဲ့လည်း စစ်ကောင်စီက လအလိုက် ပြည်ပထွက်အလုပ်လုပ်ခွင့်ဦးရေကို ကန့်သတ်ထားတာကြောင့် ထွက်ခွာခွင့်ရဖို့ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရမယ့် အခြေအနေ ကြုံနေရတယ်လို့လည်း သူတို့က ပြောပါတယ်။