Home
ဆောင်းပါး
ဒေါ်အောင်ဆန်းစုကြည် ဒေါင်ဒေါင်မြည်
DVB
·
July 22, 2025

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးကို အစဖျောက်ပစ်ဖို့ မင်းအောင်လှိုင်ရဲ့ လုံ့လကြီးမှုဟာ သဲထဲ သွန်ချလိုက်တဲ့ ရေပမာ အရာမထင်ကြောင်း Blue Shirt Initiative သုတေသနအဖွဲ့ရဲ့ စစ်တမ်းက ဖော်ပြနေတယ်။

Blue Shirt Initiative သုတေသနအဖွဲ့က အခုနှစ် မတ်လ ၂၁ ကနေ ၂၅ ရက်အထိ “မြန်မာ့နွေဦးတော်လှန်ရေး လေးနှစ်တာကာလ။ ပစ္စုပ္ပန်နှင့် အနာဂတ် အလားအလာအပေါ် လူအများ၏ သဘောထားအမြင်” ဆိုတဲ့ခေါင်းစဉ်နဲ့ မြို့နယ် ၂၃၇ ခုက မြန်မာနိုင်ငံသား ၂,၈၀၈ ဦးထံ စစ်တမ်းကောက်ယူခဲ့တယ်။ အဲဒီ ၂,၈၀၈ ဦးထဲက ၁,၈၃၁ ဦးက အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြား လူငယ်တွေလို့ ဆိုတယ်။

အဲဒီစစ်တမ်းမှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်မှု အပြည့်အဝရှိသူ ၄၈ ရာခိုင်နှုန်းနဲ့ အတိုင်းအတာတခုထိ ယုံကြည်သူ ၃၂ ရာခိုင်နှုန်း၊ ယုံကြည်မှုသိပ်မရှိသူ ၇ ရာခိုင်နှုန်းနဲ့ လုံးဝယုံကြည်မှုမရှိသူ ၃ ရာခိုင်နှုန်း ရှိတယ်လို့ ဆိုလေတော့ ယုံကြည်မှုရှိသူ စုစုပေါင်း ရာခိုင်နှုန်း ၈၀။ စစ်တမ်းအရ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုယုံကြည်မှု အမြင့်ဆုံးပုဂ္ဂိုလ်အဖြစ် ဆက်လက်ရပ်တည်နေဆဲ။ မအောင်မြင်တဲ့ အာဏာသိမ်းမှု ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကစလို့ အငြိုးကြီးလှတဲ့ စစ်ကောင်စီက လူထုနဲ့ အဆက်အစပ် ဖြတ်တောက်ခဲ့တာတောင် လူထုယုံကြည်မှု အမြင့်ဆုံးဖြစ်နေဆဲမို့ နေပြည်တော် စစ်ဗိုလ်ချုပ်တွေ အသည်းပေါက်ကြမှာ သေချာတယ်။

Blue Shirt Initiative က မမေ့မလျော့ မင်းအောင်လှိုင် အပေါ်ရော ထောက်ခံမှု ဘယ်လောက်ရှိသလဲလို့ စစ်တမ်းကောက်ထားသေးတယ်။ မင်းအောင်လှိုင်အပေါ် လုံးဝယုံကြည်မှုမရှိသူ ၇၅ ရာခိုင်နှုန်း၊ ယုံကြည်မှု သိပ်မရှိသူ ၉ ရာခိုင်နှုန်း၊ အတိုင်းအတာတခုထိ ယုံကြည်သူ ၃ ရာခိုင်နှုန်းနဲ့ ယုံကြည်မှုအပြည့်အဝရှိသူ ၁ ရာခိုင်နှုန်းလို့ ဆိုတယ်။ ပေါင်းစုလိုက်ရင် မင်းအောင်လှိုင်အပေါ် ယုံကြည်မှုမရှိခြင်းက ၈၄ ရာခိုင်နှုန်း။

NUG အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလကရော။ ယုံကြည်မှုအပြည့်အဝရှိသူ ရာခိုင်နှုန်း ၂၀၊ အတိုင်းအတာတခုထိ ယုံကြည်သူ ၄၃ ရာခိုင်နှုန်း၊ ယုံကြည်မှုသိပ်မရှိသူ ၁၃ ရာခိုင်နှုန်းနဲ့ လုံးဝယုံကြည်မှုမရှိသူ ၄ ရာခိုင်နှုန်း။ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည် မပြောနဲ့ NUG ယာယီသမ္မတတောင် မင်းအောင်လှိုင် မော်ကြည့်လို့မရအောင်ကို အပြတ်အသတ်။

Blue Shirt Initiative စစ်တမ်းအပေါ် အခြေခံကာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မင်းအောင်လှိုင်အပေါ် ယုံကြည်မှုရာခိုင်နှုန်း နှိုင်းယှဉ်ဖော်ပြထားတဲ့ သတင်းတပုဒ်အောက်မှာတော့ စစ်တပ်ထောက်ခံသူတဦးက သူတို့အဘကြီး ဒီလောက်မနားမနေ အလုပ်လုပ်နေတာတောင် ယုံကြည်မှုမရှိတဲ့ ရာခိုင်နှုန်းများနေတာ မဖြစ်နိုင်၊ တမင် လိမ်ညာဝါဒဖြန့်တဲ့ စစ်တမ်းလို့ ဆိုလေတော့ ဒီမိုပြည်သူတဦးက “ဟုတ်တယ်၊ မင်းတို့အဘကြီး နေ့မအား ညမနား အားတိုင်းယားတိုင်း ပြည်သူသတ်တဲ့ အလုပ်လုပ်နေတာ ဟုတ်တယ်” လို့ ပြန်ရေးထားတာ မြင်ရ။ ပြုံးချင်စရာ ကွန်းမန့်တိုက်ပွဲတွေက အဲဒီလို။ ထားတော့။

ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထုထောက်ခံမှု ဆိုတာက ၁၉၈၈ ခုနှစ်၊ ဩဂုတ် ၂၆ ရက်၊ ရွှေတိဂုံအနောက်ဘက်မုခ်မှာ နိုင်ငံရေးစင်မြင့်ပေါ် စတင်တက်စဉ်ကတည်းက။ ပြည်သူတသိန်းကျော် တက်ရောက်ခဲ့ခြင်းနဲ့ အဖွင့်လှခဲ့တယ်။

ဒုတိယအာဏာရှင်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကို လူထုနဲ့ အဆက်ဖြတ်၊ အကျယ်ချုပ်ပြီး အကျယ်ချုပ်ခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးသီလနဲ့ ဩဇာကို ချုပ်နှောင်လို့မရ။ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ နဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတို့မှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထုထောက်ခံမှု ဘယ်လောက်ကြီးသလဲဆိုတာ မြန်မာတင်မက ကမ္ဘာထိကျော်အောင် သက်သေပြခဲ့တယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထုထောက်ခံမှု လျော့ပါးလာအောင် လူထုနဲ့ အဆက်ဖြတ်၊ ခြေထိုးခံ၊ ချောက်တွန်း၊ ထောင်ချောက်ဆင် စတဲ့ နည်းလမ်းစုံ စစ်အုပ်စုသုံးခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူတွေရဲ့ကြား ပိုင်းခြားပစ်လို့ မရခြင်းဟာ စစ်ဗိုလ်ချုပ်တို့ရဲ့ အငြိုးကို ဓာတ်ဆီလောင်းပေးလိုက်သလိုပါပဲ။

အထူးသဖြင့် ဆင်ခြင်ဉာဏ်နည်းကာ အကြောက်တရားလည်းကြီး၊ နိုင်ငံရေးလောဘလည်းကြီးပြီး အာဃာတလည်းကြီးတဲ့ မင်းအောင်လှိုင်အတွက် ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ရှင်းကို ရှင်းပစ်ရမယ့် ရန်သူတော်ကြီး ဖြစ်ခဲ့တယ်။

ဒါကြောင့်လည်း အာဏာသိမ်းတယ်။ ဖမ်းဆီးတယ်။ မဲလိမ်မဲခိုး၊ အဂတိလိုက်စား စတဲ့ ဂုဏ်သိက္ခာကျမယ်ထင်တဲ့ ပုဒ်မမျိုးစုံနဲ့ လီဆယ်ကာ နှစ်ရှည်ထောင်ချတယ်။ ဒါ့အပြင် နိုင်ငံ့ခေါင်းဆောင်လည်းဖြစ်၊ ကမ္ဘာ့အဆင့် ထင်ရှားတဲ့ နိုဘယ်လ်ဆုရှင်တဦးကို ထောင်ထဲ ဖြစ်သလိုထားခြင်းနည်းနဲ့ ညှဉ်းပန်းနှိပ်စက်တယ်။

မအောင်မြင်တဲ့ အာဏာသိမ်းပွဲ စတင်ခါစမှာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ကန့်ကွက်ရှုတ်ချမှုတွေ၊ အာဆီယံရဲ့ ပစ်ပယ်မှုတွေဟာ မင်းအောင်လှိုင်ကို အရှက်ရ ချောက်ချားခဲ့ပေမဲ့ နည်းနည်းကြာလာတော့ နိုင်ငံတကာဆိုတာ အရေးမပါတဲ့ စက္ကူကျားမှန်း သိခဲ့ကာ ဘယ်ကမ္ဘာကိုမှ ဂရုမစိုက် မထူးဇာတ်ခင်းခြင်းကိုသာ ကျစ်ကျစ်ပါ ဆုပ်ထားတော့တယ်။

ပထမ တရုတ်က သူ့ပါဝါကြီး တရမ်းရမ်းနဲ့ စစ်ကောင်စီလည်း ရွေးကောက်ပွဲလုပ်၊ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး NLD ပါတီလည်း ရွေးကောက်ပွဲဝင်စေဆိုတဲ့ လမ်းအတိုင်း လျှောက်ဖို့ ဖိအားပေးခဲ့တယ်။ စစ်ကောင်စီက လုံးဝလက်မခံ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD မပါတဲ့ ရွေးကောက်ပွဲကနေ ရာသက်ပန် အာဏာတည်မြဲရေးလမ်းသို့သာ ရွပ်ရွပ်ချွံချွံ။ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် ပြင်ဦးလွင်နဲ့ မန္တလေးမြို့အထိ တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်နိုင်မယ့် အလားအလာတွေ မြင်ရ၊ စစ်ကောင်စီ အခြေအနေမဟန်တော့မှန်းလည်း သိရော စစ်ကောင်စီအလွန်ကာလ သူတို့ရဲ့ မြန်မာပြည်တွင်း အကျိုးစီးပွား ပျက်စီးသွားနိုင်တယ်လို့ တွက်တဲ့ တရုတ်အစိုးရက ခြံစည်းရိုးပေါ်ကဆင်းကာ စစ်ကောင်စီဘက် ပြောင်ပြောင်တင်းတင်းရပ်။ စစ်ကောင်စီရဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီမပါတဲ့ ရွေးကောက်ပွဲလမ်းကို တရုတ်က အသိအမှတ်ပြုလိုက်တယ်။

မအောင်မြင်တဲ့ အာဏာသိမ်းပွဲ စတင်ပြီး ၃ နှစ်ကျော်အကြာ ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၄ ရက်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ နေပြည်တော် ရောက်လာပြီးနောက် စစ်ကောင်စီ သက်ဆိုးရှည်ရေးအတွက် တရုတ်အစိုးရရဲ့ အထောက်အပံ့ ရရှိခဲ့တယ်။ အခုဆိုရင် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ရဲ့ စုံစမ်းဖော်ထုတ်ချက်အရ တရုတ်အစိုးရဟာ ပြည်သူသတ်နေတဲ့ အကြမ်းဖက်စစ်တပ် ဝေဟင်ဗုံးထုတ်လုပ်နိုင်ဖို့ ထောက်ပံ့ကူညီပေးနေတဲ့အထိ အတင့်ရဲ အရှက်မဲ့။ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရေး ဆိုတာလည်း သဘာဝကျစွာပင် တရုတ်ကြီး အသံတိတ်သွားတယ်။

အဲဒီလို တရုတ်က စစ်ကောင်စီဘက် ကူမတိုက်ပေးရုံတမယ် ကျားကန်ပေးနေချိန်မှာ အမေရိကန်ပထမဆိုတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ကောင်းမှုနဲ့ နွေဦးတော်လှန်ရေးအတွက် မဆိုစလောက်ရထားတဲ့ အထောက်အပံ့တွေတောင် ပျောက်ဆုံးခဲ့တယ်။ နွေဦးတော်လှန်ရေး ၄ နှစ်ကျော် ကြာခဲ့ပြီး ဒီမိုကရေစီအရေး လှုပ်ရှားသူနှင့် ပြည်သူ ၇,၀၀၀ ဝန်းကျင် ကျဆုံးခဲ့ပြီဖြစ်ပေမဲ့ နိုင်ငံတကာအသိုင်းအဝန်း ကတော့ ကြေညာချက်ထုတ် ကူညီခြင်းမှာသာ ပြောင်မြောက်နေဆဲ။ နိုင်ငံတကာနဲ့ အာဆီယံတို့ရဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရေး တောင်းဆိုမှုကလည်း မကောင်းတတ်လို့ လူကြားကောင်းရုံ ပါးစပ်လှုပ်ပြခြင်းသာ ရှိတယ်။

အဲဒီလို နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ပစ်ပယ်ခံထားရတဲ့ အခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည် ဆီကို မင်းအောင်လှိုင်ရဲ့ တမန်တော် ရာပြည့် သွားရောက်တွေ့ဆုံမှုတွေ ရှိနေကြောင်း သတင်းတချို့က ဖော်ပြကြပြီး ဖြစ်နိုင်ခြေရှိတဲ့ သတင်းလို့လည်း ယူဆနိုင်တယ်။ ဘာအတွက် သွားရောက်တွေ့ဆုံနေတာလဲ ဆိုတာကတော့ အားလုံးသိပြီးသား ကျိန်းသေပေါက် ဟောကိန်းထုတ်နိုင်တဲ့ကိစ္စ။ စစ်ကောင်စီပြုလုပ်မယ်လို့ ဆိုတဲ့ ရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည် အသိအမှတ်ပြုပေးဖို့နဲ့ နိုင်ငံရေးကနေ လုံးဝအနားယူလိုက်ဖို့။ ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်အောင်ဆန်းစုကြည် အဖြစ်ကနေ ပြန်ရုပ်သိမ်းပေးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ကိစ္စ မဟုတ်လား။ ဒေါ်အောင်ဆန်းစုကြည် ဒေါင်ဒေါင်မြည် ငြင်းဆိုနေခြင်းကြောင့်သာ စစ်ကောင်စီကလည်း ပြန်မလွှတ်ပေးရုံတင်မက ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုရှိအောင် ဖြစ်သလိုထားကာ နှိပ်စက်နေခြင်းဖြစ်တယ်။

တဇောက်ကန်း စစ်ကောင်စီနဲ့ လေသာကူနေတဲ့ နိုင်ငံတကာအခြေအနေအရ တော်လှန်သော မြန်မာပြည်သူတွေမှာ ကိုယ့်အားကိုယ်ကိုးစိတ်ဓာတ် အခိုင်အမာရှိပြီးသားဆိုပေမဲ့ ဒီနွေဦးကို စွမ်းဆောင်ရည်ကောင်းတွေနဲ့ ဆက်လက်မြှင့်တင်နိုင်ဖို့လိုမယ်။ သွေးနားထင်ရောက်တတ်တဲ့ သေနတ်ယဉ်ကျေးမှုကို နိုင်ငံရေးဇာတ်နဲ့ ထိန်းသိမ်းနိုင်ဖို့လိုမယ်။ တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေနဲ့ NUG အစိုးရ အချိတ်အဆက်အားကောင်းတဲ့ မဟာမိတ်ဆက်ဆံရေးဆီသို့ လှမ်းတက်နိုင်ကြဖို့လိုမယ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ခြင်းဆိုတာ နွေဦးတော်လှန်ရေး အောင်ပွဲနဲ့သာ တိုက်ရိုက်အချိုးကျနေတယ်။ ဆိုဗီယက်ခေါင်းဆောင်ဟောင်း မစ်ခေးဂေါ်ဘာချော့ဖ်ရဲ့ နာမည်ကျော် စကားကြီးတခွန်းရှိတယ်။ 

“မနက်ဖြန်ဆိုရင် ကျနော်တို့ သိပ်နောက်ကျသွားလိမ့်မယ်”

လင်းဆက်ငြိမ်းချမ်း 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024