Home
ဆောင်းပါး
အရူးသီအိုရီနဲ့ အရူးကွက် နင်းကြည့်တဲ့ မင်းအောင်လှိုင်
DVB
·
July 18, 2025

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ သွင်းကုန်အခွန်တိုးမြှင့်ကြောင်း အကြောင်းကြားစာဟာ ၁၃ နိုင်ငံက ခေါင်းဆောင်တွေအတွက် ငရဲပွက် ခေါင်းစားဂယက်ထသွားခဲ့ပေမဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ မမျှော်လင့်ဘဲ ရလိုက်တဲ့ လက်ဆောင်ကောင်းပမာ အောင်ပွဲခံရှန်ပိန် တခွက်တောင် ကောက်မော့လိုက်မယ့်ပုံ။

ဇူလိုင် ၇ ရက်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သူ့ထုံးစံအတိုင်း အလစ်အငိုက် ထိုးနှက်ချက်အဖြစ် သွင်းကုန်အခွန်တိုးမြှင့်ကြောင်း စာကို မြန်မာအပါအဝင် နိုင်ငံ ၁၄ နိုင်ငံဆီ ပေးပို့ခဲ့တယ်။ အဲဒီ ၁၄ နိုင်ငံထဲ မြန်မာနဲ့ လာအိုကို ကောက်ခံမယ့် တိုးမြှင့်လိုက်တဲ့နှုန်းက ရာခိုင်နှုန်း ၄၀ အထိ အမြင့်ဆုံး။ စုတ်ပြတ်သတ်နေတဲ့ မြန်မာနဲ့ လာအိုနိုင်ငံကနေ အမေရိကန်ဆီ ပို့ကုန် မည်မည်ရရ မရှိပေမဲ့ တရုတ်လက်ဝေခံနိုင်ငံတွေမို့ တရုတ်လုပ်ငန်းတွေ ရွှေ့ပြောင်းအခြေစိုက်ကာ အမေရိကန်သို့ ကုန်ပစ္စည်းတင်ပို့မယ့် အခြေအနေကို ကာကွယ်တဲ့အနေနဲ့ တန်ဖိုးရဲ့ ရာခိုင်နှုန်း ၄၀ အထိ သတ်မှတ်လိုက်တာလို့ ကျွမ်းကျင်သူတချို့က ဆိုတယ်။

အခုလို အခွန်တိုးမြှင့်လိုက်မှုဟာ ငရဲသို့ပြေးနေတဲ့ တိုင်းပြည်စီးပွားရေးအတွက် တစုံတရာ ထိခိုက်နိုင်ပေမဲ့ ဒီဘဝ ဒီကမ္ဘာမှာ ဒီလို စာတစောင်ရဖို့ဆိုတာ အိပ်မက်တောင် မမက်ကောင်းတဲ့ အရာမို့ မင်းအောင်လှိုင် ထခုန်မတတ် စိတ်ကြီးဝင်ခဲ့ပုံပါ။ ဒါနဲ့ ချက်ချင်းဆိုသလို အပါးတော်မြဲတွေကို ဆင့်ခေါ်။ နိုင်ငံတကာကျွမ်းကျင်သူ ကိုကိုလှိုင်နဲ့ ဝါရင့်သံတမန် သန်းဆွေတို့ ရှေ့နည်းနည်းတိုး။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်လို့ လိပ်မူလိုက်တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ စာအပေါ် ဘယ်လို သဘောရသလဲလို့ အလောတကြီး မေးခွန်းထုတ်မိမှာလည်း သေချာတယ်။

အာဏာရှင်တွေရဲ့ လက်ပါးစေအဖြစ် နှစ်ပေါင်းများစွာ အသုံးတော်ခံခဲ့တဲ့ ကိုကိုလှိုင်နဲ့ သန်းဆွေတို့ မင်းအောင်လှိုင် ဘာကြားချင်နေသလဲဆိုတာ မသိဘဲ ဘယ်နေလိမ့်မလဲ။ စစ်အာဏာရှင်တွေအနား ခပ်ကြာကြာ ထိုင်ခုံမြဲဖို့ဆိုရင် စစ်အာဏာရှင်တို့အကြိုက် မြှောက်မှန်းမသိ မြှောက်ပင့်တတ်ဖို့ လိုတယ်မဟုတ်လား။ ဒေါ်နယ်ထရမ့်ပ်ရဲ့ အတိတ်နဲ့ ပစ္စုပ္ပုန်၊ အရူးသွေးတဝက်နဲ့ ပြောချင်ရာပြောပြီး လုပ်ချင်ရာလုပ်နေတဲ့ ဇာတ်ထုပ်တွေအကြောင်း။ ဒီမိုကရေစီ မသိ၊ အမေရိကန်သည်သာ နံပါတ်တစ်။ ဒီနေ့ ကမ္ဘာမှာ ကျော်ကြားနေတဲ့ ထရမ့်ပ်ရဲ့ နိုင်ငံခြားရေးမူဝါဒ အရူးသီအိုရီ။

ဇွန်လတုန်းက အီရန်ကို ဝင်မတိုက်မီ အစ္စရေးဘက်ကနေ အီရန်ကို ဝင်တိုက်ဖို့ အစီအစဉ် ရှိ၊ မရှိ သတင်းထောက်တွေရဲ့ မေးမြန်းချက်အပေါ် “တိုက်ချင်တိုက်မယ်၊ မတိုက်ချင်လည်း မတိုက်ဘူး။ ကျုပ် ဘာလုပ်မယ်ဆိုတာ ဘယ်သူမှမသိနိုင်ဘူး” လို့ ထရမ့်ပ်ရဲ့ လေတလုံး မိုးတလုံး ဘဝင်တဆုံး မြင့်စွာနဲ့ ခပ်ရူးရူး ဖြေကြားချက်။ ကိုကိုလှိုင်တို့က ဒါမျိုးတွေကို အလွတ်ကျက်ထားပြီးသားမို့ မင်းအောင်လှိုင်ရဲ့ မေးခွန်းဆုံးတာနဲ့ အထစ်အငေါ့မရှိ ချက်ချင်း ဖြေကြားမယ့်ပုံ။

ပြောရရင် စစ်ကောင်စီနဲ့ ပုံမှန်ဆက်ဆံရေး ထူထောင်ချင်တာကြောင့် ကုန်သွယ်ခွန်တိုးမြှင့်ခြင်း အကြောင်းပြချက်နဲ့ ဒေါ်နယ်ထရမ့်ပ် လမ်းကြောင်းဖွင့်ပေးလိုက်တာမျိုးလည်း ဖြစ်နိုင်ကြောင်း မင်းအောင်လှိုင် အပါးစေတွေက မင်းအောင်လှိုင်အကြိုက် မှတ်ချက်ပေးလိုက်ကြပုံရတယ်။

ဒါနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးကို ဦးဆောင်ကြိုးပမ်းနေသူ သမ္မတထရမ့်ပ်လို့ ချီးမွမ်းခန်းဖွင့်ကာ စာပြန်ကြားတော့တယ်။ ရုရှားသမ္မတ ပူတင်ကို မြတ်စွာဘုရား ဗျာဒိတ်တော်လာ သောမကြွက်မင်းလို့ အရှက်အကြောက်ကင်းစွာနဲ့ ပြောရဲခဲ့တဲ့ မင်းအောင်လှိုင်အတွက် သမ္မတထရမ့်ပ်ကို အခုလောက် ချီးမွမ်းခန်းဖွင့်တာ ပါးပါးလေးပါပဲ။

ပြီးတော့ နတ်သံနှောကာ ပတ်ချွဲနှပ်ချွဲ ၂၀၂၀ တုန်းက အမေရိကန်ရွေးကောက်ပွဲမှာ သမ္မတကြီး မဲမသမာမှုနဲ့ ကြုံခဲ့သလို မြန်မာမှာလည်း အာဏာရပါတီက မဲမသမာမှု အကြီးအကျယ် လုပ်ဆောင်ခဲ့တာကြောင့် စစ်တပ်က နိုင်ငံ့တာဝန်ကို လွှဲပြောင်းယူခဲ့ခြင်းဖြစ်ကြောင်း၊ ဒါကိုပဲ မီဒီယာတွေက မဟုတ်မမှန် လိမ်ညာထုတ်လွှင့်ခဲ့တာကြောင့် မြန်မာ့နိုင်ငံရေးဖြစ်စဉ်အပေါ် နိုင်ငံတကာက အထင်အမြင်လွဲမှားခဲ့ကာ စီးပွားရေးပိတ်ဆို့မှုတွေ လုပ်ဆောင်ခဲ့ကြကြောင်း ဒါ့ကြောင့် သမ္မတကြီးထရမ့်ပ် အနေနဲ့ စီးပွားရေး ပိတ်ဆို့မှုကို ရုပ်သိမ်းပေးဖို့ တောင်းဆိုကြောင်း။

ဆက်လက်ပြီး မင်းအောင်လှိုင်က မီးလောင်ရာလေပင့် ပဋိပက္ခတွေကို တိုးပွားစေတဲ့ သတင်းဌာနတွေနဲ့ ရန်ပုံငွေစနစ် ထိန်းချုပ်ပေးခြင်းအပေါ် အထူးကျေးဇူးတင်လိုက်ပြီး အခွန်ကိစ္စ ညှိနှိုင်းဖို့ လိုအပ်လာပါက မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ အမြန်စေလွှတ်လိုပါကြောင်း ရွှေလမ်းငွေလမ်း ဖောက်ဖို့ စကားခင်းခဲ့သေးတယ်။

မြန်မာထုတ်ကုန်တွေကို အခွန် ရာခိုင်နှုန်း ၄၀ ကောက်ခံမယ်ဆိုတဲ့ ဒေါ်နယ်ထရမ့်ပ်ရဲ့စာ ဇူလိုင် ၇ ရက်မှာ ပေးပို့ခဲ့ပြီး ဇူလိုင် ၉ ရက်မှာပဲ မင်းအောင်လှိုင်ရဲ့ နတ်သံနှောထားတဲ့စာ ပြန်လည်ပေးပို့တာကို ကြည့်လိုက်ရင် ထရမ့်ပ်ရဲ့စာအပေါ် အကောင်းမြင်စိတ်ကြီးခဲ့သလို အခွန်ကို အကြောင်းပြုတဲ့ အခွန်ဒီပလိုမေစီအဖြစ် အမေရိကန်နဲ့ အဆင်ပြေစေရေး ဣန္ဒြေမဆယ်နိုင်ဘဲ ပြူးတူးပြဲတဲ ဖော်ဆောင်လိုမှန်း သိသာလွန်းလှတယ်။ စစ်အုပ်စု လော်ဘီတွေကလည်း ထရမ့်ပ် ပေးပို့တဲ့စာကို အွန်လိုင်းပေါ် တပြပြနဲ့ ကဲ၊ ဘယ်နှယ့်ရှိစ၊ တရားဝင်မှုဆိုတာ ဒီလိုဆိုတာမျိုး လက်သီးလက်မောင်းတန်း အောင်ပွဲခံကြသေးတယ်။

ထရမ့်ပ် ဆိုတာ ဘာမဆိုဖြစ်သွားနိုင်တဲ့ အရူးသွေးတဝက်နဲ့ ကမ္ဘာကြီးကို သူဖြစ်ချင်သလို ပုံဖော်လိုသူတဦးဆိုတော့ မြန်မာ့အရေး ခေါင်းကြီးသူများရပ်ကွက်မှာလည်း ထရမ့်ပ်ရဲ့ ပေးစာနဲ့ လားရာကို ခန့်မှန်းသုံးသပ်တာတွေတောင် ဖြစ်ခဲ့တယ်။

အတွေးခေါင်သူတချို့က မြေရှားသတ္တုကို ဒေါ်နယ်ထရမ့်ပ် ငမ်းငမ်းတက် ဖြစ်နေတာတွေ၊ တကမ္ဘာလုံး အတိုင်းအတာနဲ့ ထွက်ရှိတဲ့ မြေရှားသတ္တုစုစုပေါင်းရဲ့ ထက်ဝက်နီးပါးဟာ ကချင်ပြည်နယ်မှာ ထွက်ရှိတာတွေ၊ ကချင်မြေရှားသတ္တုရဲ့ အဓိကဝယ်လက် တရုတ်က ကေအိုင်အေ အနေနဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲကို မရပ်ရင် မြေရှားသတ္တု ဝယ်ယူမှုကို ရပ်ဆိုင်းတော့မယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်း ရိုက်တာသတင်းက ဇူလိုင် ၈ ရက်က ဖော်ပြခဲ့တာတွေကို ချိတ်ဆက်ပြီး အခွန်ခေါင်းစဉ်နဲ့ မင်းအောင်လှိုင်ကို ထရမ့်ပ်က အသိအမှတ်ပြုကာ တရုတ်လက်ထဲကနေ စစ်ကောင်စီကို ပြန်လုဖို့ အမေရိကန် ကြိုးစားနေတာလားအထိ အတွေးနယ်ချဲ့ခဲ့ကြသေးတယ်။

ဒါပေမဲ့ မြန်မာ့အရေး အမေရိကန်ရဲ့ ရပ်တည်ချက် ပြောင်း၊ မပြောင်း ဘီဘီစီရဲ့ ဇူလိုင် ၁၂ ရက် ဖော်ပြချက်က သို့လော၊ သို့လော ဖြစ်နေတာတွေကို မြန်မြန်ဆန်ဆန် ကိစ္စဖြတ်ပေးလိုက်တယ်။ ဘီဘီစီရဲ့ မေးမြန်းချက်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရာရှိတဦးက စစ်ကောင်စီအပေါ် အမေရိကန်ထားရှိတဲ့ မူဝါဒမပြောင်း။ အကြမ်းဖက်မှုတွေ ရပ်ဖို့၊ နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့၊ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို အတားအဆီးမရှိ ခွင့်ပြုဖို့နဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ စတင်ဖို့ဆိုတဲ့ အရင်တောင်းဆိုချက်တွေအတိုင်း မပြောင်းဘူးလို့ ဆိုတယ်။

အရူးသီအိုရီကို ရမလားလို့ ရူးချင်ယောင်ဆောင်ကြည့်တဲ့ မင်းအောင်လှိုင်အတွက် အရှက်တွေ ဗြန်းဗြန်းကွဲ။ အဖေကြီးငုတ်တုတ်ရှိလျက် အမေရိကန်ကို ပထွေးတော်ချင်လို့ဆိုပြီး တရုတ်ကြီး မာန်မဲတာတောင် ခံရနိုင်သေး။ ဒေါ်နယ်ထရမ့်ပ်ဆီ စာရေးဖို့ မြှောက်ပေးခဲ့တဲ့သူတွေလည်း အခုလောက်ဆို မင်းအောင်လှိုင် ငေါက်ငမ်းတာ ကောင်းကောင်းခံနေရမယ့်ပုံ။

ဒေါ်နယ်ထရမ့်ပ်ဆီ ရေးပို့တဲ့ မင်းအောင်လှိုင်စာကနေ အသေအချာ ထပ်သိလိုက်ရတာက မင်းအောင်လှိုင်ရဲ့ သဘောထားကလည်း ဘာမှမပြောင်းလဲဘူး ဆိုတာပါပဲ။ စစ်တပ်သည် အာဏာမသိမ်း၊ စစ်ကောင်စီသည် အမှန်။ စစ်ကောင်စီရဲ့ ဆောင်ရွက်ချက်တွေနဲ့ ရွေးကောက်ပွဲကို နိုင်ငံတကာအနေနဲ့ အသိအမှတ်ပြု ပူးပေါင်းပါဝင်ကြ ဆိုတဲ့ မအောင်မြင်တဲ့ အာဏာသိမ်းပွဲ စတင်ကတည်းက သဘောထားအတိုင်း ဘာဆို ဘာမှမပြောင်း။

မင်းအောင်လှိုင်သည် တပြားမှ မလျှော့။ မင်းအောင်လှိုင်ကို စိတ်ကူးမယဉ်ကြနဲ့။

လင်းဆက်ငြိမ်းချမ်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024