
ပြီးခဲ့တဲ့ ၆ လအတွင်း ဆက်တိုက်ကျဆင်းနေတဲ့ ပြည်တွင်း စားအုန်းဆီ လက်ကားရည်ညွှန်းဈေးဟာ အခုတပတ်မှာ တပိဿာကို ၂၅ ကျပ် ပြန်တက်လာပါတယ်။
စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဇူလိုင် ၂၁ ရက်ကနေ ၂၇ ရက်အထိ စားအုန်းဆီတပိဿာ လက်ကားရည်ညွှန်းဈေးကို ၆,၀၅၅ ကျပ်အဖြစ် သတ်မှတ်လိုက်ပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာတော့ တပိဿာ ၆,၀၃၀ ကျပ်သာ ရှိခဲ့ပြီး အခုအပတ်မှာတော့ ၂၅ ကျပ်ခန့် တိုးမြှင့်ထားတာ ဖြစ်ပါတယ်။
ဇန်နဝါရီလက တပိဿာ ၇,၂၈၀ ကျပ်အထိ ရှိခဲ့တဲ့ စားအုန်းဆီရည်ညွှန်းဈေးဟာ ပြီးခဲ့တဲ့ ၆ လကျော်အတွင်း တဖြည်းဖြည်း ကျဆင်းခဲ့ပြီး အခုသီတင်းပတ်မှာတော့ အနည်းငယ် ပြန်တက်လာခဲ့တာ ဖြစ်ပါတယ်။
တဖက်မှာတော့ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က စားသုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေကို အခုလအတွင်း နိုင်ငံခြားငွေ ဒေါ်လာ သန်း ၂၀ ကျော်ထိ ရောင်းချပေးထားတာ တွေ့ရပါတယ်။
မြန်မာနိုင်ငံအတွက် စားအုန်းဆီဟာ မရှိမဖြစ် အခြေခံကုန်စည်ဖြစ်ပြီး ပြည်တွင်းထုတ်လုပ်မှု မလုံလောက်တဲ့အတွက် အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတို့ကနေ နှစ်စဉ် ဝယ်ယူတင်သွင်းနေရတာပါ။
မြန်မာနိုင်ငံရဲ့ တနှစ် ဆီလိုအပ်ချက်ဟာ တန်ချိန် ၈ သိန်းကနေ ၉ သိန်းခန့်ထိ ရှိပါတယ်။
ဒါပေမဲ့ လက်ရှိမှာတော့ စစ်ကောင်စီရဲ့ မူဝါဒပြောင်းလဲမှုအရ စားအုန်းဆီတင်သွင်းတဲ့ ပမာဏ နည်းလာပြီး ဆီထုတ်ယူခွင့်စာအုပ် ရှိသူများသာ တပိဿာကို ၆,၀၀၀ ကျပ်ဝန်းကျင်နဲ့ ဝယ်ယူနိုင်တာ ဖြစ်ပါတယ်။
ဆီဝယ်ယူခွင့်စာအုပ် မရှိသူတွေအနေနဲ့ကတော့ ပြင်ပဈေးကွက်ကနေ တပိဿာကို ၁၀,၀၀၀ ကျပ် ဝန်းကျင်နဲ့ ဝယ်ယူသုံးစွဲနေရတယ်လို့ ရန်ကုန်မြို့နေထိုင်သူတွေဆီက သိရပါတယ်။