Home
မြန်မာသတင်း
ငလျင်လှုပ်ခတ်အပြီး ဧရာဝတီတိုင်းတွင် စားအုန်းဆီ ၁ ပိဿာ ကျပ် ၁၃,၅၀၀ အထိ ဈေးတက်
DVB
·
April 2, 2025

စစ်ကိုင်းကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်အပြီး ဧရာဝတီတိုင်းမှာ လက်ရှိ စားအုန်းဆီတပိဿာ ကျပ် ၁၃,၅၀၀ အထိ ဈေးမြင့်တက်သွားတယ်လို့ စားသုံးသူတွေဆီကနေ သိရပါတယ်။

ဧရာဝတီတိုင်းမှာ လက်ရှိ စားအုန်းဆီတပိဿာ ကျပ် ၁၃,၅၀၀ အထိ ဈေးမြင့်တက်သွားပြီး ငလျင်မလှုပ်ခတ်မီ မတ်လ တတိယအပတ်အထိ စားအုန်းဆီတပိဿာ ကျပ် ၈,၅၀၀ အထိသာ ဈေးရှိခဲ့တယ်လို့ ဆိုပါတယ်။

ပုသိမ်မြို့ခံ အမျိုးသမီးတယောက်က “ငလျင်လှုပ်တာနဲ့ ကုန်ဈေးနှုန်းက ထိုးတက်တော့တာ။ အခု စားဆီဈေးက အရင် ငလျင်မလှုပ်ခင်ကထက် ၅,၀၀၀ လောက် ထပ်တက်သွားတာ။ ငလျင်လှုပ်တာနဲ့ ဒီဆီဈေးက တက်တာ ဘာဆိုင်လဲ မသိတော့ဘူး။ သဘာဝဘေးက ဧရာဝတီတိုင်းမှာ ဖြစ်တာလည်း မဟုတ်ပါဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ စားအုန်းဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ အနေနဲ့ ဧပြီလ ပထမအတွက် စားအုန်းဆီ အခြေခံရည်ညွှန်းဈေးဟာ တပိဿာ ၆,၀၀၀ ကျော်အဖြစ် သတ်မှတ်ထားပြီး ဧရာဝတီတိုင်းက ပြင်ပဈေးကွက်မှာ စားအုန်းဆီ တပိဿာ ငွေကျပ် ၁၃,၅၀၀ အထိ ဈေးပေါက်နေတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းက စားသောက်ကုန်ရောင်းဝယ်ရေး လုပ်ငန်းရှင်တယောက်က“စစ်ကောင်စီက စားအုန်းဆီဈေးနှုန်း တည်ငြိမ်ဖို့ဆိုပြီး သတ်မှတ်တဲ့ဈေးက တကယ့် မြေပြင်မှာ မရပါဘူး။ စာရွက်ထဲမှာပဲ ရတယ်။ အခုသတ်မှတ်ဈေးထက် အဆမတန် ကျော်တက်နေတာ ဟုတ်ပါတယ်။ ရောင်းတဲ့သူတွေကလည်း အခုအချိန်အထိ စားဆီကို အကန့်အသတ်နဲ့ပဲ ရတာမို့ အခုလိုရောင်းနေရတာ၊ လိုသလောက်မရဘူး၊ ပင်ရင်းကိုက ဈေးထိုးတက်လာတာ” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ ၂၀၂၀ ပြည့်နှစ်ကုန်ပိုင်းအထိ စားအုန်းဆီ တပိဿာကို ငွေကျပ် ၂,၂၀၀ အထိသာ ဈေးပေါက်ခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ်မှာ စားအုန်းဆီတပိဿာ ကျပ် ၃၀,၀၀၀ အထိ ဈေးထိုးတက်ခဲ့ပြီး လက်ရှိ စားအုန်းဆီတပိဿာကို ငွေကျပ် ၁၃,၅၀၀ အထိ ဈေးပေါက်နေတာလို့ ဆိုပါတယ်။

ဧရာဝတီတိုင်းကို ရန်ကုန်တိုင်းကတဆင့် ပြည်ပနိုင်ငံတွေက တင်သွင်းရတဲ့ စားအုန်းဆီကို အကန့်အသတ်နဲ့သာ တင်သွင်းနေရတာကြောင့်နဲ့ သယ်ယူစရိတ်၊ အထွေထွေကုန်ကျစရိတ်တွေ အပြင် ပြည်ပဆီ အဝင်နည်းလာတာကြောင့် စားဆီဈေးက အတက်ဘက်မှာသာ ရှိနေတာလို့ စားအုန်းဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီက စားအုန်းဆီရည်ညွှန်းဈေး သတ်မှတ်ထုတ်ပြန်ပေးနေတာနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို စားအုန်းဆီရောင်းချတဲ့ ခွဲတမ်းစာအုပ်လုပ်ပြီး ရောင်းပေးတာတွေ လုပ်နေပေမဲ့ တကယ် မြေပြင်မှာ အရပ်သားတွေအတွက် ထိရာက်မှုမရှိ အကျိုးမဖြစ်ဘူးလို့ ဆိုပါတယ်။

Photo : Myat Tun

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013