
ယူကရိန်းနိုင်ငံ ဆိပ်ကမ်းမြို့ဖြစ်တဲ့ အိုဒက်ဆာကို ရုရှားရဲ့ ကြီးမားတဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် လူ တယောက် သေဆုံးခဲ့ပြီး ၆ ယောက် ဒဏ်ရာရခဲ့တယ်လို့ မြို့တော်ဝန်က ပြောပါတယ်။
ဇူလိုင် ၁၉ ရက်အစောပိုင်းမှာ တိုက်ခိုက်မှုကြောင့် အဆောက်အအုံတခု မီးလောင်ကျွမ်းခဲ့ပြီး ဒေသခံ သေဆုံးဒဏ်ရာရခဲ့ကြတာလို့ အာဏာပိုင်တွေက ပြောပါတယ်။
အိုဒက်ဆာမြို့ကို ဒရုန်း အစင်း ၂၀ လောက် တိုက်ခိုက်ခဲ့တယ်လို့ အိုဒက်ဆာမြို့တော်ဝန်က အစောပိုင်းမှာ ပြောဆိုခဲ့တာပါ။
ယူကရန်းသမ္မတ ဗိုလိုဒီမာဇလန်းစကီးကလည်း အိုဒက်ဆာကို တိုက်ခိုက်မှုမှာ ကလေးတယောက် အပါအဝင် လူ ၆ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ယူကရိန်းနိုင်ငံရဲ့ ဒေသ ၁၀ ခုကို ရုရှားဟာ တညလုံး ဒုံးကျည် အစင်း ၃၀၊ ဒရုန်း ၃၀၀ အသုံးပြုပြီး တိုက်ခိုက်ခဲ့တာလို့ တယ်လီဂရမ်မှာ ဇယ်လန်းစကီးက ဖော်ပြပါတယ်။
ဇယ်လန်းစကီးက လေကြောင်းတိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ အရေးကြီးတယ်ဆိုတဲ့ အကြောင်းလည်း ထပ်ပြီး ပြောဆိုခဲ့ပါသေးတယ်။
ကူညီမှုတွေပေးဖို့ မဟာမိတ်အဖွဲ့တွေဆီ ယူကရိန်းက တောင်းဆိုထားပြီး ရုရှားရဲ့ တိုက်ခိုက်မှုတွေကို တွန်းလှန်ဖို့ ပြည်တွင်းထုတ်လုပ်မှုတွေမှာ ရင်းနှီးမြှုပ်နှံရမယ်လို့လည်း ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ တိုက်ခိုက်မှုမှာ ဒုံးကျည် ၅ လုံးနဲ့ ဒရုန်းအစင်း ၃၀ ဟာ နေရာ ၁၂ ခုကို ထိမှန်ခဲ့ပြီး တိုက်ခိုက်မှု ၇ ခုကိုတော့ ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်းလေကြောင်းတပ်ဖွဲ့က ပြောပါတယ်။
ယူကရိန်း အရှေ့မြောက်ပိုင်း ဆူမီဒေသမှာလည်း ရုရှားရဲ့ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် အခြေခံအဆောက်အအုံတွေ ပျက်စီးခဲ့ပြီး ဒေသခံတွေ လျှပ်စစ်မီးမရဖြစ်နေကြောင်း ဇယ်လန်းစကီးက ပြောပါတယ်။
Source: Reuters