
လက်လွှတ်ခဲ့ရတဲ့ နောင်ချိုမြို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ပြီးနောက် ဇူလိုင် ၁၈ ရက် ညနေမှာ ဌာနဆိုင်ရာဝန်ထမ်းတွေကို ပို့ဆောင်လာတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဌာနဆိုင်ရာဝန်ထမ်းတွေဟာ စစ်ကောင်စီတပ်နဲ့ လာရောက်ပူးပေါင်းခဲ့ပြီး ဝန်ထမ်း အဆောက်အဦတွေကို ရှင်းလင်းရေးတွေလုပ်နေတယ်လို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။
"အိမ်စီးကားတွေနဲ့ ရောက်လာတာ ကားအစီးရေရာနဲ့ချီရှိတယ်။ စစ်တပ်ယာဉ်တန်းတွေမပါဘူး။ မြို့ထဲကနေ တပ်မ ၁၁ က ကြိုစောင့်နေတာ။ စားနပ်ရိက္ခာကားတွေလည်းပါတယ်” လို့ ပြောပါတယ်။
ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်းနဲ့ ဌာနဆိုင်ရာဝန်ထမ်း ၁၁၈ ယောက်၊ တပ်မ ၁၁ ဒု တပ်မမှူး ဗိုလ်မှူးကြီး မိုးမြင့်ဟိန်းအဖွဲ့တို့ ပူးပေါင်းပြီး အုပ်ချုပ်ရေးပြန်လည်တည်ဆောက်နိုင်ရေးအတွက် စစ်ကောင်စီက တာဝန်ပေးထားတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်က DVB ကိုပြောပါတယ်
“လတ်တလော ဌာနဆိုင်ရာဝန်ထမ်းတွေက ကိုယ့်ရုံးကို သန့်ရှင်းရေးလုပ်ပြီး ရုံးတွေပြန်ဖွင့်ဖို့လုပ်ရမှာ။ ဌာနဆိုင်ရာဝန်ထမ်းတွေ နေရာချပြီးမှ တပ်ကဝင်မှာ” လို့ ပြောပါတယ်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင် ၁၀ ရက်မှာ နောင်ချိုမြို့ကို သိမ်းပိုက်ခဲ့တာပါ။
စစ်ကောင်စီကတော့ နောင်ချိုမြို့နယ်ကို ပြန်လည်ရရှိရေးအတွက် ၁၁ လကြာတိုက်ခိုက်ခဲ့ရပြီး ထိတွေ့တိုက်ပွဲပေါင်း ၅၈၆ ကြိမ်ဖြစ်ခဲ့တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
၁၀၂၇ စစ်ဆင်ရေးမှာ စစ်ကောင်စီတပ်အနေနဲ့ တိုင်းစစ်ဌာနချုပ် ၂ ခုနဲ့ တပ်စခန်းပေါင်း ၁၀၀ ကျော် ဆုံးရှုံးခဲ့ရပြီး တရုတ်အစိုးရရဲ့ညှိနှိုင်းပေးမှုကြောင့် MNDAA ကိုးကန့်အဖွဲ့ကလည်း လားရှိုးမြို့ကို ပြန်ပေးထားရပါတယ်။