
စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီက ရန်ကုန်၊ လှိုင်သာယာမြို့နယ်မှာ စက်ရုံအလုပ်သမားတွေနဲ့ တွေ့ဆုံပြီး ဘုရားဆင်းတုတွေပေးကာ မဲဆွယ်စည်းရုံးခဲ့တယ်လို့ အလုပ်သမားအဖွဲ့တွေနဲ့ အဲဒီပါတီရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊ အလုပ်သမားရေးရာ တာဝန်ခံ ဦးမောင်မြင့် လှိုင်သာယာမြို့နယ်က လက်ဝါး အထည်ချုပ်စက်ရုံ အလုပ်သမားတွေနဲ့ ဇူလိုင် ၁၆ ရက်မှာ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
လှိုင်သာယာမြို့နယ်မှ အလုပ်သမားအရေး လှုပ်ရှားသူတယောက်က “ရွေးကောက်ပြီးရင် အရင်လို အေးချမ်းသွားမှာ။ ရွေးကောက်ပွဲကို အားပေးဖို့၊ သူတို့ကို မဲပေးဖို့တွေ ပြောသွားတယ် ပြောတယ်။ ပြီးတော့ သူတို့ထုံးစံအတိုင်း ဘာသာရေးပါ အသုံးချသွားတာ” လို့ ပြောပါတယ်။
ကြံ့ခိုင်ရေးပါတီရဲ့ ထုတ်ပြန်ချက်မှာတော့ အလုပ်သမားတွေနဲ့ တွေ့ဆုံရာမှာ ဦးမောင်မြင့်နဲ့အတူ ရန်ကုန်တိုင်း ပါတီကော်မတီဝင် အလုပ်သမားရေးရာတာဝန်ခံ ဦးနေဝင်း၊ အင်းစိန်ခရိုင်ပါတီဥက္ကဋ္ဌ ဦးမင်းသူထွန်း၊ လှိုင်သာယာ(အရှေ့ပိုင်း) ပါတီအတွင်းရေးမှူး ဦးအောင်ဟန်ဦးတို့ လိုက်ပါခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလိုတွေ့ဆုံရာမှာ ဦးမောင်မြင့်က ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO) နဲ့ ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ပေးခဲ့တာတွေ၊ ILO ကမြန်မာနိုင်ငံအပေါ် အရေးယူဖို့ ဆောင်ရွက်နေမှု အခြေအနေတွေ၊ ရွေးကောက်ပွဲပြီးလို့ ရွေးကောက်ခံအစိုးရ ပေါ်ပေါက်လာရင် ဖြေရှင်းဆောင်ရွက်နိုင်မယ့် အခြေအနေတွေ၊ အလုပ်သမားတွေ လူမှုဖူလုံရေးအဖွဲ့ ဝင်ရောက်မှု အခြေအနေတွေ၊ အလုပ်သမားတွေ သက်သာချောင်ချိရေး အတွက် ဆောင်ရွက်သင့်တာတွေ အကြံပြုပြောကြားခဲ့ပြီး စက်ရုံအလုပ်သမားတွေအတွက် ဗုဒ္ဓရုပ်ပွားဆင်းတုတော်တွေကို ဓမ္မလက်ဆောင်အဖြစ် ပေးအပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
မင်းကင်းမောင်မြင့်လို့ လူသိများတဲ့ ဦးမောင်မြင့်ဟာ သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၂ မှာ အလုပ်သမားဝန်ကြီးရာထူးကို တနှစ်နီးပါးကြာ ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
ကြံ့ခိုင်ရေးပါတီအပါအဝင် စစ်အုပ်စု လက်ရှိကျင့်သုံးနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၀၇၊ ပုဒ်မခွဲ (ဃ) အရ ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားလုပ်ရင် ပါတီ ဆက်လက်ရပ်တည်ခွင့်မရှိစေရလို့ ပြဋ္ဌာန်းထားပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၅၈ (ဂ) အရလည်း ဘာသာရေးအကြောင်းပြပြီး မဲဆွယ်စည်းရုံးရင် တနှစ်ထက် မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ကျပ် တသိန်းထက် မပိုတဲ့ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။
ရွေးကောက်ပွဲ ကျင်းပမယ့် ရက်အတိအကျကို စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကလည်း ထုတ်ပြန်ကြေညာတာမရှိသေးသလို ဘယ်နိုင်ငံရေးပါတီမှလည်း မဲဆွယ်စည်းရုံးခွင့်တွေ မရရှိသေးပါဘူး။