
စစ်ကိုင်းငလျင်ကြီး ပြီးတဲ့နောက်ပိုင်း ၄ လနီးပါးအကြာအထိ မြန်မာပြည်အလယ်ပိုင်းမှာ နောက်ဆက်တွဲ ငလျင်တွေထပ်မံ လှုပ်ခတ်နေပြီး အခုလို အနည်းငယ်ပြင်းတဲ့ နောက်ဆက်တွဲ ငလျင်တွေ လှုပ်ခတ်တာ တနှစ်နီးပါး ကြာနိုင်တယ်လို့ ငလျင်ပညာရှင်က သတိပေးထားပါတယ်။
ဇူလိုင် ၁၆ ရက် မနက် ၃ နာရီခွဲက မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ် အရှေ့တောင်ဘက် ၄ မိုင်အကွာ၊ မြေအနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၄ ဒသမ ၉ အဆင့်ရှိတဲ့ ငလျင်တခု ထပ်မံလှုပ်ခတ်ခဲ့ပါတယ်။
ဒေသခံတွေကတော့ ငလျင်မလှုပ်ခင် အသံကျယ်ကြီး ကြားရကာ ငလျင်လှုပ်တာကို အနည်းငယ် ပြင်းထန်တာကို ခံစားခဲ့ရတယ်လို့လည်း ဆိုကြပါတယ်။
မန္တလေးဒေသခံ ကိုမင်းမင်းလတ်ကတော့ ဇူလိုင် ၁၆ မနက် ၃ နာရီခွဲမှာ ငလျင်လှုပ်နေတုန်း မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်လိုမျိုး ပြင်းထန်မှာကို စိုးရိမ်နေခဲ့တာလို့ ဆိုပါတယ်။
“ကြောက်တာပေါ့၊ ပထမ လှုပ်လိုက်တဲ့ဟာက တော်တော်ပြင်းတယ်။ ငြိမ်သွားပေမဲ့ ထပ်လာဦးမလား ဆိုပြီးတော့ စိုးရိမ်စိတ်ကတော့ ရှိတာပေါ့။ ပထမတခါလိုမျိုး ၇ ဒသမ ၇ လှုပ်သလိုမျိုးလေ၊ ပထမ လှုပ်လိုက်တယ်။ ပြီးတော့ ငြိမ်သွားပြီးတော့ နောက်တခေါက်ကျမှ ဖြိုချလိုက်တဲ့ဟာမျိုး shock ကြီးက အကြီးကြီးဝင်လာတာကိုး။ အဲလိုများ ထပ်ဝင်မလားဆိုပြီး စိုးရိမ်ကြတာပေါ့။ တော်တော်လည်း ကြောက်ဖို့ကောင်းတာပေါ့ ဒီမနက်လှုပ်တာက။”
ဇူလိုင် ၁၆ ရက်မှာပဲ မန္တလေးတိုင်းထဲ ငလျင် ၃ ကြိမ် လှုပ်ခတ်ခဲ့တာလည်း ဖြစ်ပါတယ်။ မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်ကို ဗဟိုပြုပြီး အင်အား ၄ ဒသမ ၇ ရစ်ချ်တာစကေး အဆင့်ရှိတဲ့ ငလျင်တခုရယ် ဝမ်းတွင်းမြို့တောင်ဘက်ကို ဗဟိုပြုပြီး အင်အား ၄ ဒသမ ၂ ရစ်ချ်တာစကေး အဆင့်ရှိတဲ့ ငလျင်တို့ လှုပ်ခတ်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒီလို တရက်တည်း ပြင်းအားအဆင့် ၄ ကျော်တဲ့ ငလျင် ၃ ကြိမ်လှုပ်ခတ်တာနဲ့ ပတ်သက်ပြီး Myanmar Institute of Earth and Planetary Sciences က ဘူမိဗေဒ ပါမောက္ခ ဒေါက်တာမျိုးသန့်က နောက်ဆက်တွဲငလျင်ဟာ အခုလို မနက်ခင်းပိုင်းတပိုင်းတည်းကို ၃ ကြိမ် လှုပ်သွားတာမျိုး ပုံမှန်အားဖြင့် တွေ့ရလေ့မရှိတဲ့ ထူးခြားတဲ့ ငလျင်ဖြစ်တယ်လို့ ဆိုပါတယ်။
နောက်ပြီး အခုလို နောက်ဆက်တွဲငလျင်တွေ လှုပ်နေတာက နှစ်ချီပြီး ကြာနိုင်တယ်လို့လည်း ဆိုပါတယ်။
“ကျနော်တို့ နားလည်သလောက် ဥပမာဆိုပါစို့၊ အနီးအနားက ဒီငလျင်ရဲ့ မြောက်ဘက်ပိုင်းပေါ့၊ ကျနော်တို့ ခဏခဏ နမူနာပေးတဲ့ ၂၀၁၂ ပေါ့၊ သပိတ်ကျင်းငလျင်ဆိုရင် တော်တော်ကို ကြာတယ်။ တနှစ် နှစ်နှစ်လောက်ထိ သူဆိုရင် ပြင်းအားက ၆ ဒသမ ၈ ပဲ ရှိတယ်။ အခုဟာက ၇ ဒသမ ၇ ရှိတယ်။ နောက်တခါ ပြတ်ရွေ့ ရွေ့ပြတ်သွားတဲ့ အပိုင်းကလည်း ကီလိုမီတာ ၄၀၀ ကျော် ၅၀၀ နီးပါးရှိတယ်။ အစိတ်အပိုင်း လေးငါးခုကနေ ပြတ်ထွက်သွားတယ်ဆိုတော့ နောက်ဆက်တွဲ လှုပ်မယ့် အချိန်ကာလ အပိုင်းအခြားနဲ့ ကြည့်မယ်ဆိုရင် သူလည်းပဲ ကျနော်တို့ မှန်းထားရမှာ မျှော်လင့်ထားရမှာက နှစ်ချီပြီး ကြာလိမ့်မယ်။”
အခုလို နောက်ဆက်တွဲငလျင်တွေ လှုပ်ခတ်တာဟာ တနှစ်နီးပါး ကြာမြင့်နိုင်သလို ငလျင်ပြင်းအားတွေထဲမှာလည်း ပြင်းအား ၅ နဲ့အထက်လောက်တွေလည်း လာနိုင်တယ်လို့ ဒေါက်တာမျိုးသန့်က ပြောပါတယ်။
မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း စစ်ကိုင်းငလျင်ကြီးကြောင့် လူပေါင်း ၄၀၀၀ ကျော်သေဆုံး၊ သောင်းချီဒဏ်ရာရကာ လူနေအိမ်၊ တိုက်တာ၊ အဆောက်အအုံတွေ အများအပြား ထိခိုက် ပျက်စီးသွားခဲ့တာဖြစ်ပြီး အခုအချိန်အထိ ပြန်လည်ထူထောင်ရေးတွေ ထိထိရောက်ရောက် မလုပ်ဆောင်နိုင်သေးပါဘူး။
စစ်ကိုင်း ငလျင်ကြီးရဲ့ နောက်ဆက်တွဲငလျင်တွေဟာ အကြိမ်ရေ ၂၀၆ ကြိမ် လှုပ်ခတ်ထားတယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
မြတ်သဇင်