
စစ်ကိုင်းတိုင်း၊ ကသာမြို့အနီးဝန်းကျင်မှာ တိုက်ပွဲတွေဖြစ်နေပြီး ပုံမှန်တင်ပို့နေတဲ့ မန္တလေးမြို့မှာလည်း ငလျင်ကြောင့် ကုန်သိုလှောင်စရာ ဂိုထောင်တွေ ခက်ခဲနေတဲ့အတွက် ကသာထွက်ကုန်ပစ္စည်းတွေကို တင်ပို့ရောင်းချဖို့ အခက်အခဲတွေ ဖြစ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ကသာမြို့ထွက် ပဲနဲ့ နှမ်းတွေကို အရင်က မူဆယ်နဲ့ မန္တလေးကို တင်ပို့ရောင်းချခဲ့တာဖြစ်ပြီး လက်ရှိ ဖြတ်သန်းရာ မြို့နယ်တွေမှာ တိုက်ပွဲတွေဖြစ်နေတဲ့အတွက် လမ်းခရီးကြန့်ကြာတာတွေ၊ ကားတင်ပို့စရိတ် ဈေးကြီးတာတွေနဲ့ ကုန်ပစ္စည်းသိုလှောင်နေရာ ခက်ခဲတာတွေကြောင့် မြစ်ကြီးနားဘက်ကို အများဆုံး တင်ပို့လာကြတယ်လို့ ဆိုပါတယ်။
ကသာမြို့မှာ ပြောင်း၊ ကြံ၊ ရေထွက်ပစ္စည်း၊ ပဲမျိုးစုံနဲ့ လယ်ယာထွက်သီးနှံမျိုးစုံ ထွက်ရှိတာဖြစ်ပြီး မန္တလေးနဲ့ မြစ်ကြီးနားကို အလွယ်တကူ သွားလာနိုင်ပေမဲ့ လက်ရှိမှာ မြစ်ကြီးနားကို ၅ ရက်အိပ်ခရီး သွားလာနေရတဲ့အပြင် ရထားလမ်းကိုလည်း စစ်ကောင်စီဘက်က ပိတ်လိုက်တဲ့အတွက် လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ဈေးနှုန်းမတည်ငြိမ်တာတွေ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကသာမြို့နယ်မှာ ဒေသထွက်ကုန်တွေ တင်ပို့ရောင်းချနိုင်ဖို့ လမ်းခရီးကြန့်ကြာတာ၊ အခြေခံစားသောက်ကုန်တွေ၊ အိမ်အသုံးအဆောင်ပစ္စည်းတွေ၊ ဆောက်လုပ်ရေးပစ္စည်းတွေနဲ့ ဆေးဝါးတွေလည်း ဈေးနှုန်းမြင့်တက်နေတဲ့အပြင် ပစ္စည်းပြတ်လပ်တာတွေပါ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက်ကလည်း ကသာမြို့အထွက်မှာ တိုက်ပွဲဖြစ်ပြီးနောက် ကသာမြို့မှာရှိတဲ့ အမှတ် ၃၀၉ ခြေမြန်တပ်ရင်းကနေ မြို့အဝင်အထွက်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်တွေ ရှိနိုင်တယ်ထင်တဲ့ နေရာတွေကို လက်နက်ကြီးနဲ့ နေ့စဉ်ပစ်ခတ်နေပြီး ညတိုင်းနီးပါး လက်နက်ကြီးသံတွေ ကြားနေရတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ကသာမြို့မှာ လျှပ်စစ်မီးပြတ်တောက်နေတာ ၅ လကျော် ကြာမြင့်နေပြီဖြစ်ပြီး အင်တာနက်လိုင်းတွေကိုလည်း တနှစ်ကျော်ကြာ ဖြတ်တောက်ထားတယ်လို့ သိရပါတယ်။
တိုက်ပွဲတွေကြောင့် ကသာမြို့နယ်က ဒေသခံတချို့ဟာ မန္တလေး၊ ရန်ကုန်နဲ့ မြို့ကြီးတွေဆီ ပစ္စည်းတွေ ပြောင်းရွှေ့ထားကြပြီး ကျောင်းတွေ၊ ဈေးတွေနဲ့ ရုံးတွေကိုတော့ ပုံမှန်ဖွင့်ထားတယ်လို့ သိရပါတယ်။
လင်းအိမ်