
ယီမင်နိုင်ငံတကာ အသိအမှတ်ပြု ဗဟိုဘဏ်က မကြာသေးမီက ဟူသီအုပ်စုရဲ့ ရီယယ်ငွေ ၅၀ တန် ဒင်္ဂါးပြားအသစ်တွေ ထုတ်ပေးမှုကို ပယ်ချလိုက်ပြီး ဒီလုပ်ရပ်ဟာ နိုင်ငံရဲ့ ပျက်စီးလွယ်တဲ့ ငွေကြေးစနစ်ကို ခြိမ်းခြောက်တဲ့ လုပ်ရပ်အဖြစ် ရှုတ်ချခဲ့ပါတယ်။
ဟူသီတွေဟာ ၅၀ ရီယယ်တန် ဒင်္ဂါးပြားအသစ်တွေ တနင်္ဂနွေနေ့ကစပြီး လည်ပတ်တော့မယ်လို့ စနေနေ့က ကြေညာခဲ့တာပါ။
ဒါဟာ ဆာနာမြို့တော်က ဟူသီထိန်းချုပ်ထားတဲ့ ဗဟိုဘဏ်ဟာ ပျက်စီးသွားတဲ့ ငွေစက္ကူပြဿနာကို ဖြေရှင်းဖို့နဲ့ ယီမင်နိုင်ငံသုံးငွေရဲ့ အရည်အသွေးကို မြှင့်တင်ဖို့ ကြိုးပမ်းမှုရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။
ဒီလုပ်ရပ်ဟာ ငွေဖြစ်လွယ်မှု အကျပ်အတည်းကို ဖြေလျှော့ဖို့နဲ့ ပျက်စီးသွားတဲ့ ငွေစက္ကူတွေကို အစားထိုးဖို့ ရည်ရွယ်တယ်လို့ ဟူသီတွေက ပြောပါတယ်။
ဒီလုပ်ရပ်ဟာ ယီမင်မှာ နက်နဲတဲ့ ငွေကြေးပိုင်းခြားမှုကို ပြနေပြီး နိုင်ငံတွင်း လည်ပတ်နေတဲ့ ငွေကြေး အာဏာပိုင် ၂ ရပ်ကြား ကွဲလွဲမှုကြောင့် ဒေါ်လာလဲနှုန်း သိသိသာသာ ကွာခြားသွားပါတယ်။
ဆာနာမြို့တော်မှာ အမေရိကန် တဒေါ်လာကို ၅၃၅ ရီယယ်ရှိပြီး အေဒင်မြို့မှာတော့ တဒေါ်လာကို ၂,၈၀၀ ရီယယ်ကျော်ထိ ရှိနေပါတယ်။ ဒါကြောင့် အခြေခံကုန်စည်တွေအတွက် အထူးသဖြင့် ယီမင်တောင်ပိုင်းမှာ ဈေးနှုန်းတွေ မြင့်တက်လာခဲ့ပါတယ်။
စီးပွားရေး ကျွမ်းကျင်သူ အာမဒ်ရှေးက "ငွေကြေးပိုင်းခြားမှုဟာ စီးပွားရေးရဲ့ ကဏ္ဍနဲ့ ကဏ္ဍအားလုံးကို ထိခိုက်စေခဲ့ပါတယ်။ ကဏ္ဍအားလုံးမှာ ယီမင်လူ့အဖွဲ့အစည်းကို ထိခိုက်စေတယ်။ ဝယ်ယူနိုင်စွမ်းအား အားနည်းစေတယ်။ စျေးနှုန်းတွေ မြင့်တက်ပြီး နိုင်ငံတော်သုံးငွေဖြစ်တဲ့ ယီမင်ရဲ့ ရီယယ်ငွေ တန်ဖိုးကျဆင်း စေခဲ့ပါတယ်။ ဒါဟာ တရားဝင်စီးပွားရေးကို ပျောက်ကွယ်သွားစေပြီး အပြိုင်စီးပွားရေးဖြစ်တဲ့ နိုင်ငံတွင်း မှောင်ခိုဈေးကွက်ဖြစ်ထွန်းစေတယ်”လို့ ပြောပါတယ်။"
ဟူသီတွေက နိုင်ငံတကာအသိအမှတ်ပြု အစိုးရရဲ့ ငွေစက္ကူတွေကို သူတို့ထိန်းချုပ်မှုအောက်က ဒေသတွေထဲဝင်ရောက်ခွင့် ပိတ်ပင်ထားပါတယ်။
ဟူသီအဖွဲ့ဟာ ၂၀၁၄ ခုနှစ်နှောင်းပိုင်းမှာဖြစ်ခဲ့တဲ့ ယီမင်ပြည်တွင်းစစ်အတွင်း ယီမင်နိုင်ငံမြောက်ပိုင်း ဒေသ အများအပြားကို ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။
Source: Reuters


