
မြန်မာကျားဖြန့်အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေနဲ့ ဆက်နွှယ်နေတဲ့ နိုင်ငံတကာလူကုန်ကူးမှု ကွန်ရက်တခုကို အင်ဒိုနီးရှားနိုင်ငံအမျိုးသားရဲတပ်ဖွဲ့က ဖြိုခွင်းနိုင်ခဲ့တဲ့အကြောင်း အင်ဒိုနီးရှားအခြေစိုက် Antara သတင်းအေဂျင်စီမှာ ဇူလိုင် ၁၅ ရက်က ဖော်ပြပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ မတ်လအတွင်းက မြန်မာနိုင်ငံထဲမှာ လူကုန်ကူးခံခဲ့ရသူတယောက်ကို နေရပ်ပြန် ပို့ခဲ့ပြီးနောက်မှာ စတင်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှုအတွင်း ဖော်ထုတ်နိုင်ခဲ့တာဖြစ်ပြီး အဆိုပါ ကွန်ရက်က နိုင်ငံရပ်ခြား အလုပ်အကိုင်ကမ်းလှမ်းမှုအတုတွေနဲ့ အလုပ်ရှာဖွေသူတွေကို သွေးဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
အင်ဒိုနီးရှားအမျိုးသားရဲတပ်ဖွဲ့၊ အမျိုးသမီး၊ ကလေးသူငယ် လူကုန်ကူးမှုနဲ့ ရာဇ၀တ်မှုဆိုင်ရာ ညွှန်ကြားရေးမှူးရုံး (PPA-PPO) က ဗိုလ်မှူးချုပ် နူရူ အာဇီဇာက HR အမည်ရတဲ့ သံသယရှိသူ တရားခံတဦးကို ဖမ်းဆီးထားကြောင်း၊ သူတို့အဖွဲ့က ပစ်မှတ်ထားတဲ့ သားကောင်ကို ဗီဒီယိုကောလ်နဲ့ အလုပ်အင်တာဗျူး ပြုလုပ်ခဲ့ပြီး ယူအေအီးက ခရစ်ပ်တိုငွေကြေးစီမံခန့်ခွဲသူအဖြစ် လစဉ်လစာ အမေရိကန်ဒေါ်လာ ၈၀၀ နီးပါးပေးဖို့ ကတိပြုခဲ့သလို နိုင်ငံကူးလက်မှတ်၊ လေယာဉ်လက်မှတ်နဲ့ နေရေးထိုင်ခင်းတွေပါ စီစဉ်ပေးခဲ့တယ်လို့ ပြောပါတယ်။
ဒါပေမဲ့ အဲဒီအစား ယူအေအီးနိုင်ငံကို မပို့ဘဲ သားကောင်အမျိုးသမီးကို ထိုင်းနိုင်ငံဆီ ပို့ဆောင်လိုက်ပြီးနောက် တဖက်ကမ်း မြဝတီမြို့ဆီ ပို့ဆောင်ပြီး လူကုန်ကူးခဲ့တာလို့ ဆိုပါတယ်။
လတ်တလောမှာတော့ HR ကို လူသစ်စုဆောင်းပြီး ပြည်ပပို့ဆောင်မှုနဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးထားခဲ့သလို နောက်ထပ်သံသယရှိသူ IR အမည်ရသူကိုတော့ ခရီးသွားအစီအစဉ်တွေမှာ ကူညီဆောင်ရွက်ပေးပြီး သားကောင်ကို မြန်မာနိုင်ငံဆီ ပို့ဆောင်ပေးမှုသံသယနဲ့ အာဏာပိုင်တွေက ဆက်လက်ရှာဖွေနေဆဲဖြစ်တယ်လို့ ဗိုလ်မှူးချုပ် အာဇီဇာက ပြောပါတယ်။
ဖမ်းဆီးထားတဲ့ HR ရဲ့ အမှုတွဲကိုတော့ အင်ဒိုနီးရှား အစိုးရရှေ့နေရုံးဆီ လွှဲပြောင်းပေးသွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
အခုနှစ်အစောပိုင်းတုန်းကတော့ မြန်မာစစ်ကောင်စီက ဖေဖော်ဝါရီလကနေ မတ်လအတွင်း ပဋိပက္ခဖြစ်ပွားရာဒေသတွေက အင်ဒိုနီးရှားရွှေ့ပြောင်းလုပ်သား ၆၉၁ ဦးကို ပြန်လည်လွှဲ ပြောင်းပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
Source : Antara News agency