
အမေရိကန်နဲ့ သယံဇာတ သဘောတူညီချက်ရရှိရေး ညှိနှိုင်းရာမှာ ဦးဆောင်ခဲ့တဲ့ ဒုဝန်ကြီးချုပ် ယူလီယာ ဆာဗရီဒန်ကို အနေနဲ့ ဝန်ကြီးချုပ်သစ်အဖြစ် အစိုးရကို ဦးဆောင်ပေးဖို့ သမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက အမည်စာရင်း တင်သွင်းလိုက်ပါတယ်။
လက်ရှိဝန်ကြီးချုပ် ဒန်းနစ်ရှမီဟယ်လ်ကတော့ ကာကွယ်ရေးဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ယူမှာ ဖြစ်ပြီး အရေးပါဆုံးတာဝန်အတွက် အရည်အချင်းပြည့်မီသူ ဖြစ်တယ်လို့ ဇလန်းစကီးက မှတ်ချက်ချပေမဲ့ အခုအဆိုပြုမှုတွေအတွက် လွှတ်တော်အတည်ပြုချက် လိုအပ်မှာ ဖြစ်ပါတယ်။
စစ်ပွဲ ၄ နှစ်ထဲ ဝင်လာချိန်မှာ အဆုံးသတ်ရေး ညှိနှိုင်းမှုတွေ ရှေ့မဆက်နိုင်သလို ယူကရိန်း စီးပွားရေးမှာလည်း ငွေကြေးပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတာကြောင့် ပြုပြင်ပြောင်းလဲရေး လိုအပ်နေတာ ဖြစ်ပါတယ်။
ပြည်တွင်းလက်နက်ထုတ်လုပ်ရေး လုပ်ငန်းနယ်ပယ်ကိုလည်း တိုးချဲ့ဖို့ စီစဉ်ထားတဲ့အတွက် အုပ်ချုပ်ရေးမဏ္ဍိုင် အပြောင်းအလဲကို စတင်လိုက်တာဖြစ်တယ်လို့ သမ္မတက ပြောပါတယ်။
အသက် ၃၉ နှစ်ပဲ ရှိသေးတဲ့ ဆာဗရီဒန်ကိုဟာ ၂၀၂၁ ခုနှစ်ကတည်းက ပထမ ဒုတိယဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။
First Deputy Prime Minister ဆိုတာဟာ ဒုတိယဝန်ကြီးချုပ်တွေထဲမှာမှ ရာထူးအမြင့်ဆုံးပုဂ္ဂိုလ် ဖြစ်ပါတယ်။
ကာကွယ်ရေးဝန်ကြီးနေရာ ပြောင်းလဲတာဝန်ယူမယ့် ရှမီဟယ်လ် ကတော့ ၂၀၂၀ ကတည်းက ဝန်ကြီးချုပ်တာဝန် ယူထားသူဖြစ်ပြီး ၁၉၉၁ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲလို့ လွတ်လပ်ရေးရပြီး နောက်ပိုင်း ယူကရိန်းနိုင်ငံရဲ့ သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ်လည်း ဖြစ်ပါတယ်။ လက်ရှိ ကာကွယ်ရေးဝန်ကြီးကတော့ ဝါရှင်တန်ကို သံအမတ်ကြီးအနေနဲ့ သွားရမှာဖြစ်ပါတယ်။
ယူကရိန်းရဲ့ နိုင်ငံတော်ဝင်ငွေ အများစုဟာ စစ်တပ်နဲ့ ပြည်တွင်းလက်နက်ထုတ်လုပ်မှုအတွက် သုံးနေရတာကြောင့် လူမှုရေးနဲ့ လူသားချင်းစာနာမှု အသုံးစရိတ်အတွက် အနောက်မဟာမိတ်တွေရဲ့ အထောက်အပံ့ကို မှီခိုနေရပါတယ်။
Source: Reuters