
ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို စစ်ကောင်စီတပ်က ဇူလိုင် ၁၅ ရက်မှာ လေကြောင်းကနေ ဗုံးထပ်ကြဲတာကြောင့် အရပ်သားပြည်သူ ၅ ယောက်ထိခိုက်ပြီး နေအိမ်လည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီမနက်အစော ၁ နာရီဝန်းကျင်မှာ လေယာဉ်တဲ့ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်တာကြောင့် အမျိုးသမီး ၄ ယောက်၊ အမျိုးသား ၁ ယောက်နဲ့ နေအိမ် ၁ လုံး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး ၂ ဦးဗညားက "စစ်ကောင်စီက ကရင်နီမက တနိုင်ငံလုံးက လူမှုစီးပွားကို ဖျက်နေတယ်။ နောက်တခုက သူတို့ကိုယ်တိုင် ခြေလျင်သွားလို့ရရင် ရွာတွေမီးရှို့တယ်။ စားနပ်ရိက္ခာတွေ ဖျက်ဆီးတယ်။ နေမရအောင်လုပ်တာပေါ့။ သူတို့ လက်လှမ်းမမှီတဲ့နေရာဆိုရင် လေကြောင်းကနေ ဗုံးကြဲတာပေါ့"လို့ ပြောပါတယ်။
ဇူလိုင် ၁၄ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာလည်း မော်ချီးဒေသကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၆ ယောက်သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူလည်းရှိတဲ့အပြင် နေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ရပါသေးတယ်။
မနေ့ မနက်အစော ၁၂ နာရီဝန်းကျင်မှာလည်း ဒီးမော့ဆိုအနောက်ဘက်ခြမ်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူ ၁ ယောက် ထိခိုက်မိပြီး နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ရပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကို လျော့ချဖို့ လေယာဥ်ဆီဖြတ်တောက်တာ၊ အရပ်သားပြည်သူတွေအတွက် စစ်မဲ့ဇုန်သတ်မှတ်ပေးဖို့တွေ၊ စစ်ကောင်စီတပ်ကို ထိရောက်တဲ့အရေးယူမှုတွေ ဆောင်ရွက်ပေးဖို့ IEC က ဇူလိုင် ၉ ရက်က တောင်းဆိုထားပါတယ်။