Home
မြန်မာသတင်း
နန်းယွန်းမြို့နယ် ပြည်သူ့ဆေးရုံ၌ လူနာများက စက်သုံးဆီဝယ်ပေးပြီး ဆေးရုံတက်နေရ
DVB
·
July 15, 2025

စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ် ပြည်သူ့ဆေးရုံမှာ လူနာတွေက စက်သုံးဆီဝယ်ပေးပြီး ဆေးရုံတက်နေကြရတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။

နန်းယွန်းမြို့နယ် ပြည်သူ့ဆေးရုံမှာ တက်ရောက်ဆေးကုသတဲ့အခါ မီးဖွားလူနာ၊ ခွဲစိတ်လူနာနဲ့ အောက်ဆီဂျင်ပေးရတဲ့ လူနာတယောက်ကို တနေ့ စက်သုံးဆီ တဂါလန် ဝယ်ပေးကြရတယ်လို့ ဆိုပါတယ်။

နန်းယွန်းမြို့ဟာ ရေအားလျှပ်စစ်ကို အသုံးပြုရတဲ့မြို့ဖြစ်ပြီး ၂၀၂၄ ခုနှစ်က ရေကြီးမှုကြောင့် ရေအားလျှစ်စစ်ပေးဝေရေး စက်ရုံ ပျက်စီးခဲ့တဲ့အတွက် မြို့ခံပြည်သူတွေ လျှပ်စစ်မီး မရရှိတော့ဘူးလို့ သိရပါတယ်။

နန်းယွန်းမြို့မှာ ဒီဇယ်နဲ့ ဓာတ်ဆီ တလီတာကို ကျပ် ၄ဝ,ဝဝဝ ပေးရပြီး ကုန်သွယ်ရေးလမ်းကြောင်းတွေ ပျက်စီးနေတဲ့အတွက် အိန္ဒိယနိုင်ငံဘက်က ဝယ်ယူ အသုံးပြုကြရပါတယ်။

နန်းယွန်းမြို့ခံတယောက်က “အောက်ဆီဂျင်ပေးရတဲ့စက် နှိုးဖို့ရန်အတွက်၊ ခွဲစိတ်ခန်းဝင်ရတယ် ဆိုရင်လည်း ထွန်းရတယ် ပြုရတယ်။ အဲဒါမျိုးတွေဆိုရင် သူတို့ တောင်းတယ်။ ဆီကတော့ ကိုယ့်ဟာကိုယ် ဝယ်ရတာပေါ့၊ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကတည်းက တောင်းတာ၊ ဆေးရုံတက်ရမယ် ဆိုရင် တောင်းတယ်။ အခုက ဒီဇယ်တောင်းတယ်၊ ဒီဇယ်တဂါလန်ဆိုရင် ၄၀,၀၀၀ ဓာတ်ဆီတဂါလန်ဆိုရင်လည်း ၄၀,၀၀၀၊ ဒါ အိန္ဒိယက ဝင်တဲ့ဆီမလို့ ဗမာဆီဆိုရင် ဒီလောက်မကဘူး။ ဒီဘက်မှာတော့ ဘာအလုပ်မှမရှိဘူး၊ စားရေးသောက်ရေးရော ငွေကြေးရော ခက်ခဲတယ်။ သွားရေးလာရေးလည်း အဆင်မပြေကြတော့လေ” လို့ ပြောပါတယ်။

စစ်အာဏာသိမ်းပြီးကတည်းက နန်းယွန်းပြည်သူ့ဆေးရုံမှာ ဆရာဝန်မရှိဘဲ ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းကမှ ဆရာဝန် ရောက်ရှိလာတယ်လို့ သိရပါတယ်။

ဆေးရုံမှာ အခမဲ့ဆေးဝါးတွေမရှိဘဲ လိုအပ်သမျှဆေးဝါး အပြင်က ဝယ်ယူနေရကာ လူနာတွေအနေနဲ့ ဆေးဖိုးအပြင် စက်သုံးဆီပါ ဝယ်ပေးနေရတဲ့အတွက် အခက်အခဲတွေ ကြုံနေရတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024