Home
မြန်မာသတင်း
စက်သုံးဆီလုပ်ငန်းများအတွက် ဒေါ်လာသန်း ၃၀ ထပ်မံရောင်းချမည်ဟု ဗဟိုဘဏ်ကြေညာ
DVB
·
June 4, 2025

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်‌တွေအတွက် အမေရိကန်ဒေါ်လာသန်း ၃၀ ကို နိုင်ငံခြားငွေဈေးကွက် (FX Trading Platform) ကတဆင့် ထပ်မံရောင်းချမယ်လို့ ဇွန် ၄ ရက် ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။

ဒါဟာ ဇွန်လအတွင်း စက်သုံးဆီလုပ်ငန်းတွေအတွက် နိုင်ငံခြားငွေ ထုတ်ရောင်းမယ့် ပထမဆုံးအကြိမ် ကြေညာချက် ဖြစ်ပါတယ်။

စက်သုံးဆီဈေးနှုန်း တည်ငြိမ်ရေးနဲ့ စက်သုံးဆီဈေး မြင့်တက်မှုကြောင့် ဖြစ်လာနိုင်တဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုကို ထိန်းချုပ်ဖို့အတွက် ရည်ရွယ်ပြီး စစ်ကောင်စီဗဟိုဘဏ်က ဈေးကွက်ထဲကို နိုင်ငံခြားငွေ ထုတ်ရောင်းမှု မကြာခဏပြုလုပ်လေ့ရှိပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်းကလည်း ကြေညာချက် ၃ ကြိမ် ထုတ်ပြန်ခဲ့ပါတယ်။ မေလ ၆ ရက်မှာ ဒေါ်လာ ၃၃ သန်းနဲ့ ထိုင်းဘတ် သန်း ၂၀၀၊ မေ ၁၃ ရက်မှာ  ဒေါ်လာ ၂၃ ဒသမ ၆၇ သန်းနဲ့  ထိုင်းဘတ် သန်း ၅၀၊  မေလ ၂၇ ရက်မှာ အမေရိကန် ဒေါ်လာ သန်း ၃၀ကို စက်သုံးဆီကဏ္ဍအတွက် ရောင်းချပေးမယ်လို့ ဗဟိုဘဏ်က ကြေညာခဲ့တာပါ။

မြန်မာပြည်တွင်း ဓာတ်ဆီဈေးနှုန်းတွေကတော့ တလီတာကို ကျပ် ၃,၀၀၀ ဝန်းကျင်မှာပဲ အတက်အကျ ဖြစ်နေပြီး မကြာသေးမီ သီတင်းပတ်အတွင်းက ဓာတ်ဆီနဲ့ ဒီဇယ်ဈေးနှုန်းတွေ တလီတာကို ၁၂၀ ကျပ်ကနေ ၁၆၀ ကျပ်အထိ မြင့်တက်ခဲ့ပါတယ်။

အခုသီတင်းပတ်မှာတော့ စင်ကာပူ (MOPS) နဲ့ ကမ္ဘာလုံးဆိုင်ရာ ရေနံစိမ်းဈေးနှုန်း ကျဆင်းနေမှုအပြင် စစ်ကောင်စီ ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်း‌တွေအတွက် နိုင်ငံခြားငွေ ထုတ်ရောင်းပေးမှုတွေကြောင့် ဓာတ်ဆီက တလီတာကို ၁၅ ကျပ်၊ ဒီဇယ်က တလီတာကို ၄၅ ကျပ် အထိ ပြန်လည်လျော့ကျခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013