
စပိန် နွားရိုင်းလိုက်ပွဲတော် ၆ ရက်မြောက်နေ့မှာ လူ ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ အရေးပေါ် ဝန်ဆောင်မှုပေးရေးအဖွဲ့က ပြောပါတယ်။
ပန်ပလိုနာ လမ်းကျဉ်းလေးထဲကို ဂျိုးအက်စ်ကိုနာ နွားရိုင်းခြံကနေ နွားရိုင်းတွေ လွှတ်ပေးခဲ့တာဖြစ်ပြီး ၂ မိနစ်နဲ့ ၄၂ စက္ကန့်ကြာ လူတွေနောက်ကနေ ပြေးလိုက်စေခဲ့တာဖြစ်ပါတယ်။
ဒဏ်ရာရရှိသူ ၅ ယောက် အနက် ၄ ယောက်ကို ဆေးရုံကို လွှဲပြောင်းပေးခဲ့တယ်လို့လည်း အရေးပေါ် ဝန်ဆောင်မှုအဖွဲ့က ပြောပါတယ်။
စပိန်နိုင်ငံရဲ့ ဆန်ဖယ်မင်း နွားရိုင်းလိုက်ပွဲမှာ ရာနဲ့ချီတဲ့ ပါဝင်ဆင်နွှဲသူတွေဟာ ရိုးရာဝတ်စုံဖြစ်တဲ့ အဖြူရောင်ဝတ်စုံ၊ အနီရောင်လည်စည်းတို့ကို ဝတ်ဆင်ကြပြီး နွားရိုင်းတွေ ရှေ့ကနေ ၈၇၅ မီတာ အကွာအဝေးရှိတဲ့ လမ်းတလျှောက် ပြေးလွှားဆင်နွှဲကြတာ ဖြစ်ပါတယ်။
၇ ရက်ကြာပြုလုပ်တဲ့ ဒီနွားရိုင်းလိုက်ပွဲဟာ ကမ္ဘာတဝန်းလုံးက ခရီးသွားတွေကို ဆွဲဆောင်နိုင်ပြီး ထောင်နဲ့ချီတဲ့ ခရီးသွားတွေလည်း ဒီပွဲမှာ လာရောက်ဆင်နွှဲကြပါတယ်။ ဆန်ဖယ်မင်း နွားရိုင်းလိုက်ပွဲဟာ စပိန်နိုင်ငံရဲ့ နွေရာသီပွဲတော်တွေအနက် အကျော်ကြားဆုံး ပွဲတော်တခုပဲ ဖြစ်ပါတယ်။
Source: Reuters