မိုးရက်ဆက်ရွာသွန်းနေတာကြောင့် နေပြည်တော်၊ လယ်ဝေးမြို့နယ်မှာ ရေကြီးနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းလောက်ကစပြီး နေပြည်တော်မှာ မိုးဆက်တိုက်ရွာနေခဲ့တာဖြစ်ပြီး ဇူလိုင်လဆန်းပိုင်းမှာတော့ မိုးပိုများလာခဲ့တာကြောင့် ဇူလိုင် ၁၁ ရက်ညမှာတော့ လယ်ဝေးမြို့နယ်၊ သာဝတ္ထိမြို့က ကျေးရွာနဲ့ ရပ်ကွက်တချို့မှာ ရေကြီးရေလျှံတာဖြစ်ပါတယ်။
သာဝတ္ထိမြို့က ရွာမ၊ စက်ရုံနဲ့ ရေကျော်ရပ်ကွက်တို့မှာ နေအိမ်တွေထဲအထိ ရေဝင်ရောက်လာနေပြီး ကူညီကယ်ဆယ်ရေးတချို့လည်း ရောက်နေတယ်လို့ သိရပါတယ်။
သာဝတ္ထိမြို့ ရေကျော်ရပ်ကွက်နေထိုင်သူတယောက်က “အိမ်က ညကတည်းက ရေဝင်လာတာ။ ညက မိုးကလည်း တအားကောင်းတယ်လေ။ မိုးများတာရယ်၊ မြစ်ရေကလည်း တက်လာတာရယ်နဲ့၊ လောလောဆယ် အိမ်အောက်ဘက်ပိုင်းပဲ ရေဝင်သေးတော့ နေလို့ရသေးတယ်။ ဒီနေ့မနက်ပိုင်းတော့ မိုးမရွာသေးဘူး” လို့ ပြောပါတယ်။
မိုးသည်းသည်းထန်ထန်ရွာလို့ လယ်ဝေးမြို့နယ်ထဲက ကျေးရွာတချို့မှာလည်း ရေကြီးနေပြီး ကယ်ဆယ်ရေးအဖွဲ့တွေ သွားရောက်နေတယ်လို့လည်း သိရပါတယ်။