Home
နိုင်ငံတကာ
ပါကစ္စတန်တွင် မိုးသည်းထန်ပြီး ရေကြီးမှုကြောင့် လူ ၄ ဦးသေဆုံး
DVB
·
July 11, 2025

ပါကစ္စတန်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့တော် လာဟိုးရ်မှာ ဇူလိုင် ၁၀ ရက်က မုတ်သုံရာသီအတွင်း တရက်တည်း မိုးအသည်းထန်ဆုံး ရွာသွန်းမှုအဖြစ် မိုးရေချိန် ၁၅၀ မီလီမီတာ ရရှိခဲ့တာကြောင့် လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ရေကြီးမှုနဲ့ဆက်စပ်ပြီး သေဆုံးသူ ၄ ယောက်ရှိကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့ (NDMA) က သတင်းထုတ်ပြန်ခဲ့ပါတယ်။

လာဟိုးရ်မြို့တော်ရဲ့ အဓိကကျတဲ့ လမ်းတွေနဲ့ မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေမြုပ်နေပြီး သွားရေးလာရေး အခက်အခဲ တွေ့ရတာကြောင့် မြို့တော်ဧရိယာအနှံ့ ဘေးလွတ်ရာကို အရေးပေါ် ရွှေ့ပြောင်းကြရပါတယ်။ ဂူးလ်ဘာ့ဂ်နဲ့ လေဘာတီဈေး နေရာတွေ အပါအဝင် အဓိက စီးပွားရေးလုပ်ငန်းနယ်ပယ် အများအပြားမှာ ခါးအနက်လောက်အထိ ရေနစ်မြုပ်နေပြီး မြို့ပြ ရေလွှမ်းမိုးမှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

ပါကစ္စတန်နိုင်ငံမှာ ဇွန် ၂၆ ရက်က စတင်ပြီး ရေကြီးရေလျှံမှုနဲ့ မိုးရွာသွန်းမှု ဖြစ်စဉ်တွေကြောင့် ကလေးငယ် ၄၅ ယောက် အပါအဝင် အနည်းဆုံး လူ ၉၀ ထက်မနည်း သေဆုံးခဲ့ကြောင်း အမျိုးသား ဘေးအန္တရာယ် စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့ (NDMA) က ကြာသပတေးနေ့မှာ ထုတ်ပြန်တဲ့ စာရင်းဇယားတွေအရ သိရပါတယ်။

မုတ်သုံမိုး ရွာသွန်းနေချိန်အတွင်း ရေနစ်တာ၊ မြေပြိုတာနဲ့ အဆောက်အအုံ ပြိုကျတာတွေကြောင့် အသေအပျောက် များခဲ့ရတာလို့ ဆိုပါတယ်။

အာဏာပိုင်တွေဟာ “အပူချိန် သိသိသာသာ မြင့်တက်လာခြင်း” ကို ကိုးကားပြီး မြောက်ပိုင်းက ဂီလ်ဂစ် ဘာလစ်စ်တန်နဲ့ အနောက်မြောက်ပိုင်းက ခိုက်ဘာပက်ရှ်တွန်ခွာ ပြည်နယ်တွေမှာ လျှပ်တပြက် ရေကြီးခြင်းနဲ့ ရေခဲကန်တွေ ပေါက်ကွဲခြင်းတွေ ဖြစ်နိုင်ကြောင်း သတိပေးချက်အသစ် ထုတ်ပြန်ခဲ့ပါတယ်။

ဒေသခံ မိုဟာမဒ် အာမီယာက “လက်ရှမီချို့ခ် ဘုရင်မနန်းတော်ဝင်းထဲ ရေအဆင့်ကို လျှော့ချရာမှာ ရေနဲ့ သန့်ရှင်းရေးအေဂျင်စီ  (WASA) ရဲ့ ကြိုးပမ်းမှုတွေကြောင့် အရင်က လူတွေ ဖြတ်သန်းသွားလာရ ခက်ခဲတဲ့ ရေကြီးရေလျှံမှုတွေကို လျော့ပါးသွားခဲ့ပါတယ်” လို့ ပြောပါတယ်။

“မိုးရွာတဲ့အခါတိုင်း ဌာနဆိုင်ရာအဖွဲ့တွေက မြန်မြန်ဆန်ဆန် တုံ့ပြန်ပြီး လိုအပ်တဲ့ ပြုပြင်ထိန်းသိမ်းမှုတွေကို ကောင်းကောင်းအလုပ်လုပ်တယ်။ အဲဒီနေရာက ရက်နဲ့ချီပြီး ရေမြုပ်ခဲ့ပေမဲ့ အခု မိုးစဲပြီး မကြာခင်မှာ ရေတွေ ပြန်စီးသွားတယ်” လို့ ဒေသခံ ဆာလာအူဒင်က ပြောပါတယ်။

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024