Home
မြန်မာသတင်း
မြောက်ဥက္ကလာပကြံ့ခိုင်ရေးရုံး လောင်ချာဖြင့်ပစ်ခံရပြီးနောက် လူငယ် ၂ ဦးဖမ်းခံရ
DVB
·
July 12, 2025
File Photo

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်တာတွေလုပ်နေတဲ့ ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ် ကြံ့ခိုင်ရေးပါတီရုံး ဇူလိုင် ၁၁ ရက်ညပိုင်းက လောင်ချာနဲ့ပစ်ခံရပြီးနောက် လူငယ် ၂ ယောက် ဖမ်းဆီးခံရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မြောက်ဥက္ကလာပမြို့နယ်၊ ခေမာသီလမ်းမ၊ ရုံးသစ်မှတ်တိုင်နားမှာရှိတဲ့ ကြံ့ခိုင်ရေးရုံးကို  ‌‌မနေ့ည ၁၀ နာရီ ၅ မိနစ်လောက်မှာ Yangon Army နဲ့ အနောက်ပိုင်းခရိုင် ပကဖပူးပေါင်းအဖွဲ့က M79 လောင်ချာ ၄၀ မမ ဗုံးသီး ၂ လုံးနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

Yangon Amry တပ်ဖွဲ့တာဝန်ရှိသူက “ပစ်မှတ်အား ထိရောက်စွာပစ်ခတ်နိုင်ခဲ့တယ်။ ထိခိုက်မှုတွေတော့ရှိမယ်။ ပြည်သူ့ဆန္ဒမပါဘဲ ရွေးကောက်ပွဲပြုလုပ်ဖို့ လုပ်ဆောင်နေတာကြောင့် ခုလို ၄၀ ဗုံးသီး ၂ လုံးနဲ့ပစ်ခတ်ခဲ့တာ” လို့ ပြောပါတယ်။

ထိခိုက်မှုအခြေနေကိုတော့ ဆက်လက်စုံစမ်းနေပြီး ဆက်လက်ပြီးတော့လည်း စစ်ကောင်စီနဲ့ ပတ်သက်တဲ့ ပစ်မှတ်တွေ၊ စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲနဲ့ပတ်သတ် ပါဝင်လုပ်ကိုင်နေကြသူတွေကိုလည်း အပြင်းအထန်တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုအပြီးမှာ မြောက်ဥက္ကလာထွေအုပ်ရုံးနဲ့ ရဲစခန်းထဲက စစ်ကား ၂ စီးနဲ့ လာရောက်စစ်ဆေးခဲ့သလို ဝေပုလ္လလမ်းထိပ် လက်ဖက်ရည်ဆိုင်က မေဓာဝီလမ်းဆုံဘက်ကို လမ်းလျှောက်ပြန်လာတဲ့ အသက် ၂၀ ကျော်အရွယ် လူငယ် ၂ ယောက်ကို ဖမ်းဆီးသွားတာလို့ မြို့ခံတွေဆီက သိရပါတယ်။

မြို့ခံတယောက်က “အမှတ် ၉ မှာပဲ။ မိသားစုနဲ့တော့ တွေ့ခွင့်ရသေးတယ်။ ဒီမနက် လူကြီးတွေ လိုက်သွားကြတာ။ လက်ဖက်ရည်ဆိုင်ကနေပြန်လာရင်း ပစ်တဲ့အချိန်နဲ့တိုက်ပြီး အဆွဲခံရတာ။ အရိုက်ခံထားရတာတွေတော့ မတွေ့မိဘူး” လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ တံတားကြီးရပ်ကွက်နေ ကိုအောင်ကိုနဲ့ ကိုကောင်းစည်သူတို့ဖြစ်ကြပြီး မြောက်ဥက္ကလာ အမှတ် ၉ ရဲစခန်းမှာ ချုပ်နှောင်စစ်ဆေးခံနေရတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024